
ရုရှားရဲ့ အက်စ်တိုနီးယား လေပိုင်နက်ကို ချိုးဖောက်မှုနဲ့ ပတ်သက်တာတွေကို မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ မြောက်အတ္တလန္တိတ်ကောင်စီက စက်တင်ဘာ ၂၃ ရက်မှာ ဆွေးနွေးမယ်လို့ အဲဒီကိစ္စနဲ့ နီးစပ်တဲ့ အရာရှိ ၂ ယောက်က ရိုက်တာသတင်းဌာနကို စက်တင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။
NATO ဟာ အရင်ကထက် အများကြီး ပိုပြီး အင်တိုက်အားတိုက် ဆောင်ရွက်သင့်တယ်လို့ ဘရပ်ဆဲလ်အခြေစိုက် NATO ကျွမ်းကျင်သူ မာရီယာ မာတီစူတေက စက်တင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။
ဥရောပပေါ်လစီစင်တာက ပေါ်လစီလေ့လာသုံးသပ်သူ မာရီယာက အရှေ့မြောက်ဘက်ခြမ်းမှာရှိတဲ့ မဟာမိတ်တွေဟာ မဟာမိတ်တွေရဲ့ လေပိုင်နက်ထဲကို ဝင်လာတဲ့ ရုရှားစစ်တပ်ရဲ့ ပိုင်ဆိုင်မှုတွေကို ပစ်ချတာလိုမျိုး NATO ဆီက ပိုအားပါတဲ့ တုံ့ပြန်မှုကို လက်တွေ့ကျကျ ထိထိရောက်ရောက် သုံးနိုင်မလားဆိုတဲ့ စုပေါင်းဆုံးဖြတ်ချက်တွေအတွက် သဘောထားအမြင်တွေကို ရဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။
မြောက်အတ္တလန္တိတ်ကောင်စီဟာ ရုရှားက ပြလာမယ့် “ပိုပြင်းထန်တဲ့ ရန်လိုမှု” ဖြစ်လာနိုင်တဲ့ အခြေအနေတွေ အတွက်လည်း ပြင်ဆင်နိုင်တယ်လို့ မာရီယာက ပြောပါတယ်။
ရုရှားရဲ့ MiG-31 တိုက်လေယာဉ် ၃ စင်းဟာ စက်တင်ဘာ ၁၉ ရက်မှာ ခွင့်ပြုချက်မရှိဘဲ အက်စ်တိုနီးယား လေပိုင်နက်ထဲကို ဝင်ရောက်ခဲ့ပြီး သူတို့ကို ဆုတ်ခွာဖို့ မခိုင်းမီ စုစုပေါင်း ၁၂ မိနစ်ကြာ နေခဲ့တယ်လို့ အက်စ်တိုးနီးယား အစိုးရက ပြောပါတယ်။
အက်စ်တိုးနီးယားက “မကြုံစဘူး ပြောင်မြောက်တဲ့ကျူးကျော်မှု” လို့ ဖော်ပြတဲ့ ဖြစ်ရပ်အပြီးမှာ ဝါရှင်တန်စာချုပ်ရဲ့ အပိုဒ် ၄ အရ ဆွေးနွေးညှိနှိုင်းမှုတွေကို တောင်းဆိုခဲ့ပါတယ်။
အပိုဒ် ၄ မှာ NATO အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ နယ်မြေ၊ နိုင်ငံရေး လွတ်လပ်ရေး ဒါမှမဟုတ် တနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အခါတိုင်းမှာ အတူတကွ ဆွေးနွေးတိုင်ပင်ကြမယ်လို့ ဖော်ပြထားပါတယ်။
ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကတော့ သူတို့ရဲ့ ဂျက်လေယာဉ်တွေက အက်စ်တိုးနီးယား လေပိုင်နက်ကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွဲချက်ကို ငြင်းဆိုထားပြီး ကြားနေရေပြင်ပေါ်ကနေ ပျံသန်းခဲ့တာလို့ ပြောပါတယ်။
Source: Reuters