Home
နိုင်ငံတကာ
ရုရှားနှင့် ယူကရိန်း ဒရုန်းဖြင့် အပြန်အလှန်ပစ်ခတ်၊ လူသေဆုံးမှုရှိ
DVB
·
September 23, 2025

အခုသီတင်းပတ် အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ စတင်ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ မတိုင်မီ ရုရှားနဲ့ ယူကရိန်းတို့ လူအသေအပျောက်များတဲ့အထိ မောင်းသူမဲ့ ဒရုန်းယာဉ်တွေနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြပါတယ်။

ဇာပိုရစ်ရှားဒေသကို ရုရှားက တိုက်ခိုက်ပြီးတဲ့နောက် အပျက်အစီးတွေကို ရှင်းလင်းရေး လုပ်ငန်းတွေ ဆက်လုပ်နေပါတယ်။

အရပ်ဘက် အခြေခံအဆောက်အအုံတွေ၊ သာမန်နေအိမ်တွေကို ပစ်မှတ်ထားတဲ့ ပဲ့ထိန်းလေကြောင်းဗုံးတွေကြောင့် တိုက်ခန်း အဆောက်အဦ ၁၅ လုံးနဲ့ ကိုယ်ပိုင်အိမ် ၁၀ လုံး ပျက်စီးသွားခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက စက်တင်ဘာ ၂၂ ရက် မနက်အစောပိုင်း လူမှုကွန်ရက်စာမျက်နှာ X မှာ ရေးခဲ့ပါတယ်။

“အခုအချိန်အထိ လူ ၃ ဦး သေဆုံးတယ်လို့ အတည်ပြုပါတယ်။ သူတို့ရဲ့ မိသားစုတွေနဲ့ ချစ်ရတဲ့သူတွေကို ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပါတယ်။ ဒန်ညက်စ်၊ နစ်ပရို၊ ဆူမွေ၊ ကိယက်ဗ်၊ ခါခိဗ်နဲ့ ခါဆွန် ဒေသတွေမှာလည်း ဒရုန်းနဲ့ ညလုံးပေါက် တိုက်ခိုက်ခံခဲ့ရပါတယ်။ စုစုပေါင်း မောင်းသူမဲ့လေယာဉ် ၁၄၀ ကျော်ကို လွှတ်တင်ခဲ့ပြီး တချို့က ‘ရှဟိဒ်’ ဒရုန်းတွေ” လို့ ဇလန်းစကီးက ဆိုပါတယ်။

ရှဟိဒ် ဒရုန်းတွေဟာ အီရန်နိုင်ငံလုပ် ဒရုန်းတွေပါ။ ရုရှားတပ်တွေက ယူကရိန်းတပ်ကို လမ်းကြောင်းမျိုးစုံနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက တနင်္ဂနွေနေ့မှာ ပြောပြီး ယူကရိန်းတပ်တွေက ရုရှားရဲ့ ထိုးစစ်တွေကို ချေမှုန်းခဲ့တယ်လို့ ယူကရိန်းအစိုးရက အစီရင်ခံပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့တွေက ခါခိဗ်နဲ့ ဒန်ညက်စ် အပါအဝင် လမ်းကြောင်းများစွာနဲ့ ယူကရိန်းစစ်တပ်ကို ဆက်လက်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၁ ရက် ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ပင်လယ်နက် အနောက်မြောက်ပိုင်း ရေပြင်မှာ ယူကရိန်း မောင်းသူမဲ့လေယာဉ် ၂ စီး နစ်မြုပ်ခဲ့ပြီး ရုရှား လေကြောင်းကာကွယ်ရေးစနစ်က ယူကရိန်း မောင်းသူမဲ့ လေယာဉ် ၆၅ စီးကို ပစ်ချခဲ့တယ်လို့ ရုရှား ပင်လယ်နက်ရေတပ်က ပြောပါတယ်။

အဲဒီနေ့မှာပဲ ယူကရိန်းစစ်တပ် စစ်ဦးစီးချုပ်က လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ရှေ့တန်းမှာ တိုက်ပွဲပေါင်း ၁၅၁ ကြိမ် တိုက်ခဲ့တယ်လို့ အစီရင်ခံ တင်ပြခဲ့ပါတယ်။

သူ့တပ်တွေက  ရုရှားရဲ့ ထိုးစစ်တွေကို ပေါ့ခ်ရော့ဗ်စ်ခ်နဲ့ ကာ့စ်ခ်ဒေသတွေ အပါအဝင် လမ်းကြောင်းများစွာနဲ့ ချေမှုန်းခဲ့တယ်လို့လည်း ပြောပါတယ်။

ယူကရိန်းလေတပ်၊ ဒုံးကျည်တပ်တွေနဲ့ အမြောက်တပ်တွေက ရုရှားတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ စစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။

ယူကရိန်းအရေး ငြိမ်းချမ်းစွာဖြေရှင်းရေးမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ပါဝင်ကူညီဖို့ ရုရှားက မျှော်လင့်ထားတယ်လို့ သမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။

ဥရောပက ပဋိပက္ခ ဆက်ဖြစ်နေဖို့ ဖြစ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်နေတယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။

ခရိုင်းမီးယားကျွန်းဆွယ် အပန်းဖြေစခန်းတခုကို ယူကရိန်းက ဒရုန်းနဲ့ စက်တင်ဘာ ၂၂ ရက်က စီးနင်းတိုက်ခိုက်ခဲ့လို့ လူ ၃ ယောက် သေဆုံးပြီး ၁၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ ထိပ်တန်းအရာရှိက ပြောပြီး ရုရှားအစိုးရက ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013