
ကုလသမဂ္ဂအထွေထွေညီလာခံတက်ခွင့်မရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံကို အလုပ်သဘောခရီးစဉ်နဲ့ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက ထွက်ခွာသွားပါတယ်။
စစ်ခေါင်းဆောင်နဲ့အတူ နိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး အပါအဝင် နိုင်ငံခြားရေး အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်တွေ လိုက်ပါသွားကြပြီး နေပြည်တော်လေဆိပ်ကနေ အထူးလေယာဉ်နဲ့ ထွက်ခွာသွားကြတာပါ။
ခရီးစဥ်အတွင်း စစ်ခေါင်းဆောင်နဲ့ အဖွဲ့ဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ စက်တင်ဘာ ၂၅ ရက်ကနေ ၂၇ ရက်အထိကျင်းပမယ့် ကမ္ဘာ့အဏုမြူ သီတင်းပတ် ဖိုရမ်-၂၀၂၅ (World Atomic Week Forum-2025) တက်ရောက်ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင် အပါအဝင် ရုရှားနိုင်ငံက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
စစ်ခေါင်းဆောင်ဟာ အခုနှစ် မတ်လ ၄ ရက်နေ့တုန်းကလည်း ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
အခုစက်တင်ဘာလဟာ အမေရိကန်ပြည်ထောင်စု ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေချိန်ဖြစ်လို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေ သွားရောက်မိန့်ခွန်းပြောကြားနေကြတာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယာယီသမ္မတအဖြစ် ခန့်အပ်ထားတဲ့ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ တက်ခွင့်မရပါဘူး။