Home
နိုင်ငံတကာ
ဆီးရီးယားရွေးကောက်ပွဲ ပဏာမရလဒ် ကြေညာ
DVB
·
October 7, 2025
Photo: Reuters

ဆီးရီးယားနိုင်ငံမှာ လွှတ်တော်အသစ်အတွက် ရွေးကောက်ပွဲ ပဏာမရလဒ်တွေကို အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တာမှာ လူနည်းစုနဲ့ အမျိုးသမီးတွေအတွက်တော့ နည်းပါးနေပါတယ်။

ဒီရွေးကောက်ပွဲဟာ ဖြုတ်ချခံ ခေါင်းဆောင် ဘာရှား အယ်လ်အာဆတ်နဲ့ မပတ်သက်တဲ့ နိုင်ငံ့ခေါင်းဆောင်သစ်တွေအောက်မှာ အဓိကခြေလှမ်းတခုဖြစ်ပေမဲ့ ရလဒ်တွေက အားလုံးပါဝင်မှုနဲ့ တရားမျှတမှုအပေါ်  စိုးရိမ်စရာတွေ ဖြစ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့က မဲခွဲဆုံးဖြတ်ရာမှာ အဖွဲ့ဝင် ၆,၀၀၀ လောက်ပါတဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲ ကောလိပ်တွေဟာ ကြိုတင်အတည်ပြုထားတဲ့ စာရင်းထဲက ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ခဲ့ပါတယ်။

ဒါဟာ လွှတ်တော် နေရာ ၂၁၀ ရဲ့  ၃ ပုံ ၂ ပုံ နီးပါးကို ရွေးထုတ်ပေးမယ့် လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းပါ။

လက်ရှိ သမ္မတ အာမဒ် အယ်လ်ရှရားက နောက်ပိုင်းမှာ တတိယ  ၃ ပုံ ၁ ပုံကို ရွေးချယ်မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲမတိုင်မီကာလတွေမှာ လေ့လာသုံးသပ်သူတွေနဲ့ ဆီးရီးယားနိုင်ငံသားတချို့က ဗဟိုစီမံကွပ်ကဲမှု လွန်ကဲလွန်းပြီး အစိုးရထိန်းချုပ်မှုအပြင်ဘက်က ဒေသတွေမှာ ရွေးကောက်ပွဲတွေကို ဆိုင်းငံ့ထားလို့ ရပ်ရွာအားလုံး တရားမျှတမှုရှိရှိ ကိုယ်စားပြုခံရခြင်း မဟုတ်တဲ့အပေါ် စိုးရိမ်တယ်လို့ ပြောခဲ့ကြပါတယ်။

လွှတ်တော်အမတ်အသစ် ၆ ယောက်က အမျိုးသမီးတွေဖြစ်တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ စိစစ်ထားတဲ့ ရေတွက်ချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။

ရွေးကောက်တင်မြှောက်ခံရသူ ၄ ယောက်က ခရစ်ယာန်တယောက်၊ အစ္စမေးလီ မွတ်ဆလင် တယောက်နဲ့ သမ္မတဟောင်း အာဆတ်က ချီးမြှောက်တဲ့ ဂိုဏ်းဝင် ၂ ယောက် အပါအဝင် ဘာသာရေး လူနည်းစုအဖွဲ့တွေက ဖြစ်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

တခြား ၆ ယောက်ကတော့ လူနည်းစု လူမျိုးစုကဖြစ်ပြီး တာ့ခ်မင် ၃ ယောက်နဲ့ ကာ့ဒ် ၃ ယောက်ဖြစ်ပြီး သူတို့ထဲက တယောက်က အမျိုးသမီးဖြစ်တယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။

လွှတ်တော်အသစ်ထဲမှာ ဆွန်နီ မွတ်ဆလင်နဲ့ အမျိုးသားတွေ လွှမ်းမိုးနေတယ်လို့ ရွေးကောက်ပွဲ လေ့လာသူတယောက်က ပြောပါတယ်။

အခြေအနေက ကန့်ကွက်တင်ပြနိုင်မှုကို အပြင်းအထန် ကန့်သတ်ထားပြီး လုပ်ငန်းစဉ်ရဲ့ သမာဓိကို ထိခိုက်စေတယ်လို့ လေ့လာသူက ပြောပါတယ်။

ဆီးရီးယားရဲ့ ဆယ်စုနှစ်ချီ ပြည်တွင်းစစ်အပြီး လူထောင်ပေါင်းများစွာ သေဆုံးခဲ့ကာ နိုင်ငံထဲကနေ လူသန်းချီ ရွှေ့ပြောင်းသွားခဲ့လို့ ယုံကြည်စိတ်ချရတဲ့ လူဦးရေ နည်းပါးခဲ့တာပါ။

ဒါကြောင့် အားလုံးပါဝင်နိုင်တဲ့ တိုက်ရိုက် မဲပေးပိုင်ခွင့်ထက် သွယ်ဝိုက်ရွေးကောက်တဲ့စနစ်ကို သုံးခဲ့တယ်လို့  အာဏာပိုင်တွေက ပြောပါတယ်။

လုံခြုံရေးနဲ့ နိုင်ငံရေး အကြောင်းပြချက်တွေကို ကိုးကားပြီး အာဏာပိုင်တွေက ဆီးရီးယားရဲ့ မြောက်ဘက်နဲ့ အရှေ့မြောက်ဘက်က ကာ့ဒ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေအပြင် ဒရူဇေလူနည်းစုက ထိန်းချုပ်ထားတဲ့ ဆွီဒါပြည်နယ် အပါအဝင် အစိုးရထိန်းချုပ်မှုပြင်ပ ဒေသတွေမှာ ရွေးကောက်ပွဲကို မကျင်းပဘဲ ရွှေ့ဆိုင်းခဲ့ပါတယ်။

ဒီလိုဆိုင်းငံ့မှုကြောင့် လွှတ်တော်တွင်း အမတ်နေရာ ၂၁ ခုကို ကွက်လပ်ထားခဲ့ရပါတယ်။ ဘယ်အချိန်မှာ အဲဒီနေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013