
တောင်ကိုရီးယားမှာ နိုင်ငံသားအချင်းချင်း ကြမ်းတမ်းစွာ စကားပြောဆိုလို့ အမှုအခင်းဖြစ်ရတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသားတွေက အရေအတွက် အနည်းဆုံးဖြစ်တယ်လို့ ကိုးရီးယား ရဲဌာနချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တောင်ကိုရီးယားမှာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ သြဂုတ်လအထိ နိုင်ငံခြားသားအချင်းချင်း ကြမ်းတမ်းစွာစကားပြောဆိုတာ၊ ဂုဏ်သိက္ခာကျဆင်းအောင်ပြုမူတာကြောင့်ဖြစ်ရတဲ့ အမှုတွေနဲ့ ပတ်သက်လို့ ရဲဌာနချုပ်ကိုကိုးကားပြီး အောက်တိုဘာ ၁၀ ရက်မှာ ကိုရီးယားသတင်းဌာနတွေက ဖော်ပြပါတယ်။
နိုင်ငံခြားသားအချင်းချင်း ကြမ်းတမ်းစွာစကားပြောဆိုလို့ ဖြစ်ရတဲ့အမှုပေါင်း ၁၄၁ မှု ရှိခဲ့ပြီး တရုတ်နိုင်ငံသားတွေက ၅၆ မှုနဲ့ အများဆုံးဖြစ်ကာ မြန်မာကအမှု ၂ မှုပဲ ရှိခဲ့တာ ဖြစ်ပါတယ်။
အီဂျစ်၊ ကာဇက်စတန်၊ ကမ္ဘောဒီးယား နိုင်ငံသားတွေကလည်း အမှု ၂ မှုစီပဲ ရှိသလို ၁ မှုစီပဲရှိတဲ့ တခြား ၆ နိုင်ငံလည်းရှိတာကို ထုတ်ပြန်ချက်စာရင်းမှာ တွေ့ရပါတယ်။ ဗီယက်နမ်က ၇ မှု၊ ဖိလစ်ပိုင်က ၄ မှု၊ ထိုင်းက ၃ မှု ရှိပါတယ်။
အချင်းချင်း ဂုဏ်သိက္ခာကျဆင်းအောင်ပြုမူတာကြောင့်ဖြစ်ရတဲ့ အမှုပေါင်း ၅၂ မှုရှိတဲ့အထဲမှာ မြန်မာနိုင်ငံသားတွေ ပါဝင်တာမရှိဘဲ တရုတ်က ၁၇ မှုနဲ့ အများဆုံးဖြစ်ကာ ထိုင်းနိုင်ငံသားတွေက ၂ မှု၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့က ၁ မှုစီ ပါဝင်နေတာပါတယ်။
ကိုရီးယားရောက် မြန်မာတယောက်က “နိုင်ငံသားအချင်းချင်းတွေက တည့်တယ်လို့လည်း မဟုတ်ဘူး။ စကားများ ရန်ဖြစ်တာမျိုးတွေကရှိတာပဲ အမှုအခင်းဖြစ်ရလောက်တဲ့ အထိရောက်မသွားပဲ ကြိတ်ဖြစ်တာ၊ ကြိတ်ရှင်းလိုက်တာမျိုးတွေများတယ်"လို့ ပြောပါတယ်။
တောင်ကိုရီးယားမှာ မြန်မာနိုင်ငံသား ၈၀.၀၀၀ ကျော်ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေသလို လုပ်သားဦးစားပေးခေါ်ခံရတဲ့ နိုင်ငံတွေထဲမှာပါဝင်နေတယ်လို့ တရားဝင် ထုတ်ပြန်ချက်တွေအရ သိရပါတယ်။




