
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ထုတ်ပြန်တဲ့ ဓာတ်ပုံထဲမှာ ဖိလစ်ပိုင်က သိမ်းပိုက်ထားတဲ့ ပါဂါဆာကျွန်းနားမှာ ညာဘက်မှာမြင်ရတဲ့ တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောက ဖိလစ်ပိုင်အစိုးရ သင်္ဘောဖြစ်တဲ့ BRP ဒါတူ ပါဂ်ဘွာယာ သင်္ဘောကို အောက်တိုဘာ ၁၂ ရက်က ရေအမြောက်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
တရုတ်ရေတပ်ဟာ သီတင်းပတ်ကုန်ရက်မှာ ပါဂါဆာကျွန်းနဲ့ အင်မတန်နီးတဲ့ နေရာမှာ စစ်ဆင်ရေး လုပ်ခဲ့ပြီး ဒေသခံ ငါးဖမ်းသမားတွေအတွက် လူသားချင်းစာနာမှု လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဖိလစ်ပိုင်အစိုးရ သင်္ဘောကို နှောင့်ယှက်ဖို့ ရေယာဉ်စုကို တပ်ချထားခဲ့တယ်လို့ အနောက်ဖိလစ်ပိုင် ပင်လယ်အတွက် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျေး တာရီယယ်လာ က အောက်တိုဘာ ၁၃ ရက်မှာ ပြောခဲ့ပါတယ်။
တရုတ်ရေယာဉ်စုထဲမှာ တရုတ်ရေကြောင်း ပြည်သူ့စစ်သင်္ဘော ၁၅ စီးကျော်၊ တရုတ်ကမ်းခြေစောင့်တပ် (CCG) ရေယာဉ် ၅ စီး၊ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ် (PLA-N) သင်္ဘောနဲ့ ရဟတ်ယာဉ်တစင်းတို့ ပါဝင်ပြီး ဖိလစ်ပိုင်ကမ်းလွန် ငါးလုပ်ငန်းနဲ့ ရေနေအရင်းအမြစ်ဗျူရို (BFAR) ရဲ့ သင်္ဘောတွေကို ကျွန်းစုတွေရဲ့ ကမ်းခြေကနေ ရေမိုင် ၁ ဒသမ ၆ ကနေ ၁ ဒသမ ၈ မိုင် အကွာမှာ နှောင့်ယှက်ခဲ့တယ်လို့ မီဒီယာတွေက ထုတ်ပြန်ခဲ့ပါတယ်။
Source: Reuters




