
အမေရိကန်ဟာ ကုန်သွယ်ရေးစစ်ပွဲကို အရှိန်မြင့်တက်အောင် လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံက ပြစ်တင် ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ တရုတ်ထုတ်ကုန်တွေအပေါ် စည်းကြပ်ခွန်နှုန်းအသစ် ထပ်တိုးမြှင့်တာက စံသတ်မှတ်မှုမရှိတာ၊ မြေရှားသတ္တုတင်ပို့မှု ကန့်သတ်တာတွေအပေါ် ကာကွယ်ခဲ့တာနဲ့ ပတ်သက်လို့ တရုတ်က ပြောခဲ့တာပါ။
ဒါပေမဲ့ အမေရိကန်ထုတ်ကုန်တွေနဲ့ ပတ်သက်လို့ အခွန်တိုးမြှင့်သတ်မှတ်တာမျိုးတော့ မရှိသေးပါဘူး။
တရုတ်နိုင်ငံရဲ့ မြေရှားသတ္တုတင်ပို့မှု ကန့်သတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့ အခွန်နှုန်းထားအသစ် ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်မယ်လို့ ထရမ့်ပ်က ကြေညာခဲ့ပြီး နိုဝင်ဘာ ၁ ရက်ကစပြီး အရေးပါတဲ့ ဆော့ဖ်ဝဲလ် တင်ပို့မှုတွေကိုလည်း ထိန်းချုပ်ရမယ်လို့ ဆိုပါတယ်။
တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာတာကြောင့် အမေရိကန်စတော့ဈေးကွက် လှုပ်ခတ်ခဲ့ပြီး နည်းပညာကုမ္ပဏီကြီးတွေရဲ့ ရှယ်ယာဈေးနှုန်း ကျဆင်းခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ မြေရှားထုတ်လုပ်မှုအပေါ် မှီခိုနေရတဲ့ နိုင်ငံခြားကုမ္ပဏီတွေလည်း စိုးရိမ်မှုတွေ မြင့်တက်ခဲ့ကာ ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံမယ့်အရေးကလည်း မသေမချာ ဖြစ်လာစေပါတယ်။
တရုတ်ကုန်သွယ်ရေးဝန်ကြီးက မြေရှားသတ္တုတင်ပို့မှု ကန့်သတ်ရတဲ့အကြောင်းနဲ့ ပြီးခဲ့တဲ့လက စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၂ နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးပွဲ နောက်ပိုင်း အမေရိကန်ရဲ့ လုပ်ဆောင်ချက်အတိုင်း လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်ဟာ တရုတ်ကုမ္ပဏီတွေကို အမည်ပျက်စာရင်း တင်သွင်းတာနဲ့ ဝါရှင်တန်ဆိပ်ကမ်းမှာ တရုတ်သင်္ဘောတွေ အခွန်ပေးရတာတွေကို ဥပမာထားပြီး ထောက်ပြခဲ့ပါတယ်။
တရုတ်ကုန်သွယ်ရေးဝန်ကြီးက “အဲဒီလုပ်ဆောင်ချက်တွေက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကို အများကြီး ထိခိုက်စေပါတယ်။ ၂ နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးမှုနဲ့ စီးပွားရေးလုပ်ဆောင်မှုတို့ကိုလည်း ထိခိုက်စေပါတယ်။ ဒီလုပ်ရပ်တွေကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်” လို့ ပြောပါတယ်။
မြေရှားသတ္တုတွေ တင်ပို့မှု ကန့်သတ်ရတဲ့ အကြောင်းက စစ်ပွဲတွေမှာ အသုံးပြုမှုတွေ များလာမှာကို စိုးရိမ်တာကြောင့် ဖြစ်တယ်လို့ တရုတ်က ဖော်ပြပါတယ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ဒီနှစ်အတွင်း အခွန်နှုန်းထားတိုးမြှင့်မှုတွေ အပြန်အလှန် လုပ်ဆောင်ခဲ့ပြီး အမေရိကန်က ၁၄၅ ရာခိုင်နှုန်းနဲ့ တရုတ်က ၁၂၅ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်သတ်မှတ်မှု ရှိခဲ့ပါတယ်။
“အခွန်နှုန်းတိုးမြှင့်သတ်မှတ်မှုတွေက တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုအတွက် မှန်ကန်တဲ့နည်းလမ်း မဟုတ်ပါဘူး။ ကုန်သွယ်ရေးစစ်ပွဲနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ ရပ်တည်ချက်က ခိုင်မာပါတယ်။ ကျနော်တို့ တိုက်ခိုက်လိုစိတ် မရှိပါဘူး။ ဒါပေမဲ့ တိုက်ခိုက်ဖို့ ကျနော်တို့ ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး” လို့ ကုန်သွယ်ရေးဝန်ကြီးက ပြောပါတယ်။
အမေရိကန်က အခွန်နှုန်းထားတိုးမြှင့်မယ်လို့ ပြောဆိုမှုကို တရုတ်က ချက်ချင်းတုံ့ပြန်မှု မလုပ်သေးတာက ၂ နိုင်ငံ ဆွေးနွေးမှုလုပ်ပြီး တင်းမာမှုတွေ လျှော့ချနိုင်မယ့် အခြေအနေ ရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters




