Home
နိုင်ငံတကာ
အမေရိကန် စစ်ပစ္စည်းစက်ရုံ ပေါက်ကွဲပြီး လူ ၂၀ ခန့် ပျောက်ဆုံးနေ
DVB
·
October 11, 2025
Photo :Reuters

အမေရိကန်ပြည်ထောင်စု၊ တင်နက်ဆီပြည်နယ်၊ ကျေးလက်ဒေသရှိ စစ်တပ်ဖောက်ခွဲရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံမှာ အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းက ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လူ ၂၀ နီးပါး ပျောက်ဆုံးနေပြီး သူတို့ဟာ သေဆုံးနိုင်ဖွယ်ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ 

နက်ရှ်ဗီးလ်မြို့ အနောက်ဘက် မိုင် ၅၀ လောက်အကွာရှိ Accurate Energetic Systems စက်ရုံမှာ ဒေသစံတော်ချိန် မနက် ၇ နာရီ ၄၅ မိနစ်လောက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဟမ်ဖရေးစ် ကောင်တီ အုပ်ချုပ်ရေးမှူးခရစ္စ်ဒေးဗစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးသူ အများအပြား ရှိတာပေမဲ့ လူဘယ်လောက် ထိခိုက်ဆုံးရှုံးရတယ် ဆိုတာ အတိအကျသိရဖို့ စောနေသေးတယ်လို့ ဒေးဗစ်က ပြောကြားခဲ့ပြီး အသက်ရှင်ကျန်သူတွေလည်း ရှိနိုင်သေးကြောင်းလည်း ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ အဆောက်အအုံကို ဖော်ပြပေးဖို့ တောင်းဆိုရာမှာတော့ ဒေးဗစ်က ပြစရာတောင် မရှိတော့ဘူးလို့ ပြောဆိုပါတယ်။   ကုမ္ပဏီ တာဝန်ရှိသူတွေကို ဆက်သွယ်ဖို့ ကြိုးပမ်းမှုတွေ ချက်ချင်း မရသေးပါဘူး။ 

ဝဘ်ကင်မရာကနေ ရိုက်ကူးမိခဲ့တဲ့ ဗီဒီယိုထဲမှာ ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးနဲ့ အဆောက်အအုံဟာ  မွကြေလွင့်ထွက်သွားတာကို တွေ့မြင်ရပါတယ်။

ဖက်ဒရယ်စုံစမ်းရေးဌာန FBI နဲ့ အရက်၊ ဆေးရွက်ကြီး၊ သေနတ်နဲ့ ဖောက်ခွဲရေးပစ္စည်းများဌာနတွေရဲ့ စုံစမ်းစစ်ဆေးသူတွေဟာ အခင်းဖြစ်နေရာမှာ ရောက်ရှိနေပြီး ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေနေတယ်လို့ ဒေးဗစ်က ပြောပါတယ်။ 

Photo: Reuters 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013