Home
နိုင်ငံတကာ
တိုမာဟော့ခ် ဒုံးကျည်ကြောင့် ရုရှား-အမေရိကန် ဆက်ဆံရေး ပျက်စီးနိုင်ဟု ပူတင် သတိပေး
DVB
·
October 6, 2025
Photo: Reuters

တကယ်လို့ အမေရိကန်ရဲ့ တာဝေးပစ်ဒုံးကျည်တွေသာ ယူကရိန်းအတွက် ထောက်ပံ့ပေးမယ်ဆိုရင် မော်စကိုနဲ့ ဝါရှင်တန်ကြား ဆက်ဆံရေးကို ပျက်ပြားသွားစေလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေးလိုက်ပါတယ်။

တဖက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ငြိမ်းချမ်းရေး မရယူလိုတဲ့ ပူတင်အပေါ်  စိတ်ပျက်မိသလို ရုရှားကိုလည်း “စက္ကူကျား” အဖြစ် ဝေဖန်ထားပါတယ်။

ဒါကြောင့် ရုရှားရဲ့  ယူကရိန်းအပေါ်  ရှေ့တိုး သိမ်းပိုက်နေမှုကို မတားဆီးနိုင်တဲ့ NATO အုပ်စုကသာ “စက္ကူကျား” မဟုတ်ဘူးလားဆိုပြီး ပူတင်အနေနဲ့ မေးခွန်းပြန်ထုတ်ခဲ့ပါတယ်။

ဒါဟာ အမေရိကန် ဒု-သမ္မတ ဂျေဒီဗန့်စ်က မော်စကို အပါအဝင် ရုရှားအတွင်းပိုင်းအထိ ပစ်ခတ်နိုင်မယ့် တိုမာဟော့ခ် ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ ယူကရိန်းရဲ့ တောင်းဆိုမှုကို လက်ခံစဉ်းစားနေကြောင်း ပြောဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် ရုရှားရဲ့  ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ နောက်ဆုံးတိုက်ခိုက်မှုအတွင်း ယူကရိန်းမှာ လူ ၅ ယောက် သေဆုံးခဲ့ရပြီး လျှပ်စစ်မီးပါ ပြတ်တောက်နေတယ်လို့ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီး ကိုယ်တိုင် အတည်ပြုပါတယ်။

ဒီတိုက်ခိုက်မှုက ယူကရိန်းအနောက်ပိုင်း လဗိ (Lviv) ဒေသကို အဓိကပစ်မှတ်ထားခဲ့တာ ဖြစ်ပြီး အသက် ၁၅ နှစ်အရွယ် မိန်းကလေးတယောက်နဲ့ မိသားစုဝင် ၃ ယောက် သေဆုံးခဲ့ရသလို ဇာပိုရစ်ဇီးယား ဒေသမှာလည်း သေဆုံးသူတယောက် ရှိကြောင်း သိရပါတယ်။

ယူကရိန်းနဲ့ အိမ်နီးချင်း ပိုလန်နိုင်ငံမှာတော့ လေပိုင်နက် ဘေးကင်းလုံခြုံအောင် တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ခဲ့တဲ့အပြင် မဟာမိတ်လေယာဉ်တွေပါ ဖြန့်ကြက်ထားတယ်လို့​ ဆိုပါတယ်။

ယူကရိန်းလေတပ်ရဲ့ ထုတ်ပြန်ချက်အရ ရုရှားဘက်က ဒုံးကျည်အစင်း ၅၀ ကျော်နဲ့ တိုက်ခိုက်ရေး ဒရုန်းအစင်း ၅၀၀ လောက်ကို အသုံးပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှားရဲ့ အလုံးစုံကျူးကျော်မှု စတင်ပြီးချိန်ကတည်းက ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ် ဧရိယာ အများစု အပါအဝင် လူဟန့်စ်ခ် နဲ့ ဒွန်နက်စ်ခ် စတဲ့ဒေသတွေကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားကျွန်းဆွယ် အပါအဝင် ယူကရိန်းပိုင်နက် ငါးပုံတပုံအထိ ရုရှားအနေနဲ့ ထိန်းချုပ်ထားနိုင်ကြောင်း သိရပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013