Home
မြန်မာသတင်း
ရုရှားပြန် စစ်ခေါင်းဆောင်၏ ပြောဆိုချက် လက်တွေ့အခြေအနေနှင့် ကင်းကွာနေ 
DVB
·
October 2, 2025

ရုရှားနဲ့ ကာဇက်စတန်နိုင်ငံတို့ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ကအပြန် လေယာဉ်ပေါ်မှာပြောခဲ့တဲ့  မြန်မာစစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်တွေဟာ လက်တွေ့အခြေအနေနဲ့ ကင်းကွာနေတဲ့အကြောင်း လေ့လာသူတွေက ဝေဖန်လိုက်ပါတယ်။

မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်ထဲ ရုရှားနဲ့ ကာဇက်စတန်နိုင်ငံတွေဆီ သွားရောက်ခဲ့ပါတယ်။

အဲဒီခရီးစဉ်အပြန်မှာတော့ လေယာဉ်ပေါ်မှာတင် သူ့ရဲ့ခရီးစဉ် ဘယ်လောက်အောင်မြင်ခဲ့တဲ့ အကြောင်း စစ်တပ်ဩဇာခံ မီဒီယာတချို့ကနေတဆင့် ဝါဒဖြန့် ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်က “ပြောဆိုတာလေးတွေက ဒီထက်ပိုပြီးတော့ အမြင်ကျယ်ကျယ်နဲ့ ပြောဆို လုပ်ကိုင်ရင် ပိုကောင်းမယ်လို့ ကျနော်တော့ မြင်တယ်။ တဖက်ကလည်း ကျနော်တို့တွေ ကြိုးစားအားထုတ်မှုလည်း လိုတယ်။ ကြိုးစားအားထုတ်မှုက ၂ ပိုင်းပေါ့ဗျာ။ တခုက ဘာလဲဆိုတော့ ပညာသင်ကြားရေးအပိုင်းကို ကျနော်တို့ သွားရမယ်။ ဒါတော့ ငြင်းပယ်လို့မရဘူး။ ပကတိ တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေအရ ဆိုရင်လည်း ပညာရေးအားနည်းချက် ရှိနေတာဖြစ်တယ်။ အခုလုပ်ရမှာ” လို့ ပြောခဲ့တာပါ။

စစ်တပ်ဩဇာခံ မီဒီယာတွေက “နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ပြည်သူတွေအနေနဲ့ ဘယ်လိုပူးပေါင်းပါဝင်သင့်သလဲ ဆိုတဲ့မေးခွန်း” နဲ့ ပတ်သက်လို့ စစ်ခေါင်းဆောင်က အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်က ပညာရေးအားနည်းချက်တွေရှိလို့ ပြင်ဆင်ဖို့ပြောပေမဲ့ လက်တွေ့မှာတော့ သူဦးစီးတဲ့ စစ်တပ်က အာဏာသိမ်းစက‌နေ ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ လေကြောင်းတိုက်ခိုက်မှု ၃,၄၀၂ ခု လုပ်ခဲ့ပြီး ဒီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၂၈၉ ကျောင်း ပျက်စီးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စာရင်းအင်းတွေအရ သိရပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ စစ်ခေါင်းဆောင်ရဲ့ အဲဒီလိုအပြောဟာ သူ့လုပ်ရပ်နဲ့ မအပ်စပ်ဘူးလို့ ဝေဖန်ပါတယ်။

“သူ လက်တွေ့ တကယ်လုပ်နေတာတွေနဲ့ သူဖြေတာတွေနဲ့က မအပ်စပ်ဘူးလေ။ အဲတော့ ဘာပဲပြောပြော ကတိမတည်တဲ့ လူသတ်သမား။ သူက နိုင်ငံတော် ပြစ်မှုကြီးကို ကျူးလွန်ထားတာပေါ့၊ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ထားတဲ့သူ။ နောက် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ICC က အလိုရှိနေတဲ့သူ။ အဲလိုလူမျိုးတယောက်ကို ဒီလိုမေးခွန်း ဖြေလောက်အောင် မတန်ပါဘူး။”

စစ်ခေါင်းဆောင်ရဲ့ ဝါဒဖြန့် ပြောဆိုချက်တွေဟာ လက်ရှိ နိုင်ငံတွင်း ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေရဲ့ အဖြစ်မှန်နဲ့ ကင်းလွတ်နေပြီး ပြဿနာရဲ့ အရင်းအမြစ်ကို မျက်ကွယ်ပြုရာ ရောက်ကြောင်း လေ့လာသူတွေကလည်း ပြောပါတယ်။

ပညာရေးနဲ့ပတ်သက်လို့ အားနည်းချက်တွေ ရှိနေတယ်လို့ စစ်ခေါင်းဆောင်က ဝန်ခံပေမဲ့ ခေတ်အဆက်ဆက်ကနေ အခုချိန်ထိ စစ်အုပ်စုကပဲ စနစ်တကျ ဖျက်ဆီးခဲ့တာလို့ CDM ဆရာနဲ့ ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီဝင် ဆရာနောင်ချိုက ထောက်ပြပါတယ်။

“သူတို့ကတော့ ပညာရေးနဲ့ပတ်သက်ရင် စစ်အုပ်စုကတော့ အမြဲတမ်း မစားရဝမခန်းတော့ ပြောခဲ့ကြတာပဲ။ တကယ်တမ်းတော့ သူတို့ရဲ့ ဝါဒဖြန့်ချိရေးတွေ၊ လူမျိုးကြီးဝါဒတွေ ဒါတွေအကုန်လုံးက ပညာရေးထဲမှာ ထည့်ပြီးတော့ လုပ်ခဲ့ကြတာပဲ။ အခုပညာရေးကိုသာ သူက ဘယ်လိုကြီး လုပ်လိုက်မယ်၊ ဘယ်ဝါကြီး လုပ်လိုက်မယ် ဆိုပြီး၊ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်သာ လျှောက်ပြောတာပေါ့နော်။ ကျနော်တို့နိုင်ငံရဲ့ ပညာရေးကို စနစ်တကျပေါ့နော်၊ ဖျက်ဆီးခဲ့တာကတော့ စစ်အုပ်စုပဲလို့ ကျနော်တို့ကတော့ မှတ်ယူပါတယ်ဗျ။”

တဖက်မှာလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပညာရေးအဆင့်မြှင့်မယ့်အစား စာသင်ကျောင်းတွေထဲထိ မူးယစ်ဆေးဝါးတွေ ဝင်ရောက်နေပြီး CDM ဆရာ၊ ဆရာမတွေကို ဖမ်းဆီးတာ၊ ကျောင်းတွေကို ဗုံးကြဲတာနဲ့ လူအခွင့်အရေးကိစ္စတွေကို မသင်ကြားရဘူးလို့ ပိတ်ပင်တာတွေအထိ ရှိနေပါတယ်။

စစ်ခေါင်းဆောင်ဟာ အခုခရီးစဉ်နဲ့ပတ်သက်လို့ ဝါဒဖြန့်မှုတွေကို စစ်တပ် ဝက်ဘ်ဆိုက်မှာ ထပ်မံ ဖော်ပြထားတာ တွေ့ရပြီး MOU လက်မှတ်ရေးထိုးနိုင်ခဲ့တယ်ဆိုတဲ့ ကိစ္စတွေကိုလည်း အသေးစိတ် ထုတ်ပြန်ခဲ့တာ မရှိပါဘူး။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013