
ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံရှိ အသုံးမပြုတော့တဲ့ ချာနိုဘိုင်း နျူကလီးယား ဓာတ်အားပေးစက်ရုံကိုသွားတဲ့ အဓိကဓာတ်အားလိုင်းတွေကို ဖြတ်တောက်ခဲ့ရကြောင်း ယူကရိန်း စွမ်းအင်ဝန်ကြီးဌာနက အောက်တိုဘာ ၁ ရက်မှာ ပြောကြားခဲ့ပြီး ကမ္ဘာ့အကြီးဆုံး နျူကလီးယား မတော်တဆမှုမှ ညစ်ညမ်းမှုကို လျှော့ချဖို့ တည်ဆောက်ထားတဲ့ ကာကွယ်ရေးယူနစ် အသစ်တခုလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
အမြောက်ပစ်ခတ်မှုကြောင့် အနီးနားရှိ ချာနိဟိဗ်ဒေသမှာ လျှပ်စစ်ဓာတ်အား အများအပြား ပြတ်တောက်ခဲ့ကြောင်း စွမ်းအင်အရာရှိတွေက ပြောကြားခဲ့ပြီး ရုရှားနယ်စပ်အနီး ယူကရိန်းမြောက်ပိုင်းက ပြည်သူ ၃၀၇,၀၀၀ ဓာတ်အားသုံးစွဲမှု ပြတ်တောက်ခဲ့ရပါတယ်။
ဆေးရုံတွေလို အဓိကနေရာတွေကို မီးစက်တွေ တပ်ဆင်ထားပြီး အရေးပေါ်အဖွဲ့သားတွေဟာ ဓာတ်အားကွန်ရက်ကို ပြန်လည်ထူထောင်ဖို့ လုပ်ဆောင်နေကြောင်း ချာနိဟိဗ်ဒေသ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
နိုင်ငံတကာ အဏုမြူအေဂျင်စီ (IAEA) က X ပို့စ်မှာလည်း “ဒီနေ့အစောပိုင်းမှာ ချာနိုဘိုင်း နျူကလီးယား ဓာတ်အားပေးစက်ရုံဟာ သူ့ရဲ့ ဆလာဗုတစ်ချ် ဓာတ်အားခွဲရုံ 330 kV လိုင်းနဲ့ ချိတ်ဆက်မှု ပြတ်တောက်ပြီးနောက် ဓာတ်အားအတက်အကျကို ကြုံတွေ့ခဲ့ရတယ်” လို့ ဖော်ပြထားပါတယ်။
အဲဒီနေရာမှာ တခြားအလှည့်ကျလိုင်းတွေကို အမြန်ပြောင်းပြီး ဓာတ်အားပြန်ရအောင် လုပ်ထားကြောင်းနဲ့ ၁၉၈၆ ခုနှစ်က ချာနိုဘိုင်း မတော်တဆမှုအပြီးမှာ နျူကလီးယား reactor အဟောင်းကို ဖုံးအုပ်တည်ဆောက်ထားတဲ့ လုံခြုံဘေးကင်းမှု အဆောက်အအုံသစ် (NSC) ကိုတော့ အရေးပေါ် ဒီဇယ်မီးစက် ၂ လုံးနဲ့ အခုအခါ လျှပ်စစ်ဓာတ်အား ပေးထားတယ်လို့လည်း ဆိုပါတယ်။
၁၉၈၆ ခုနှစ် ဧပြီလက ချာနိုဘိုင်း စက်ရုံရဲ့ စတုတ္ထမြောက်ဓာတ်ပေါင်းဖို ပေါက်ကွဲခဲ့ပြီးတော့ ဥရောပတခွင်ကို ရေဒီယိုသတ္တိကြွတွေ ပျံ့နှံ့သွားပြီးနောက်မှာ ဆိုဗီယက်အင်ဂျင်နီယာတွေဟာ ဓာတ်ပေါင်းဖိုပတ်လည်မှာ ဆာကိုးဖဂါ့စ် အကာအကွယ်အဆောက်အအုံကို အမြန်ထူထောင်ခဲ့ပါတယ်။
အဲဒါကို ၂၀၁၆ ခုနှစ်မှ ပုံစံအသစ်နဲ့ အစားထိုးခဲ့ပြီး စက်ရုံရဲ့ တခြားဓာတ်ပေါင်းဖို ၃ လုံးကိုလည်း တဖြည်းဖြည်းချင်း ဖယ်ရှားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ကျူးကျော်သိမ်းပိုက်မှု အစပိုင်းမှာ ရုရှားတပ်ဖွဲ့တွေဟာ အဲဒီစက်ရုံကို ခဏလောက် သိမ်းပိုက်ခဲ့ပြီး ဖေဖော်ဝါရီလက ရုရှားဒရုန်းတစင်းဟာ အကာအကွယ် အဆောက်အအုံသစ်ရဲ့ ခေါင်မိုးကို ဖောက်ဝင်ခဲ့ပါတယ်။
Source: Reuters