
ရုရှားနဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသမှာ ယူကရိန်းတပ်တွေကို အောင်ပွဲခံရင်း ၂ နိုင်ငံ အလံတွေကို ကိုင်ဆောင်ပြုံးပျော်နေတဲ့ ပန်းချီကားတချပ်နဲ့ ယူကရိန်းတပ်တွေကို ပစ်ခတ်တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယားအစိုးရတပ်တွေရဲ့ပုံ ပန်းချီကားကို မော်စကိုပြပွဲမှာ ပြသထားပါတယ်။
ဒါဟာ အထီးကျန် မြောက်ကိုရီးယားနိုင်ငံရဲ့ပြင်ပမှာကျင်းပတဲ့ မြောက်ကိုရီးယားအနုပညာကို အကြီးဆုံးပြပွဲကြီးအဖြစ် အသိအမှတ်ပြုခံရတာ ဖြစ်သလို လူထုဆက်ဆံရေး တဆစ်ချိုး အပြောင်းအလဲလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ရုရှားနဲ့ မြောက်ကိုရီးယားအစိုးရတို့ကြား ဆက်ဆံရေးနွေးထွေးလာမှုရဲ့ နောက်ဆုံးလက္ခဏာဖြစ်ပြီး ရန်လိုတဲ့ အနောက်နိုင်ငံတွေလို့ သူတို့ပြောတဲ့ အင်အားစုကို ရင်ဆိုင်ဖို့ ပထဝီနိုင်ငံရေးအရ ပိုတင်းတင်းကျပ်ကျပ် ဖက်တွယ်မှုသက်သေလို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။
ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ ရုရှားနိုင်ငံ အနောက်ဘက်က ကာ့က်စ်ခ်မြို့ကနေ ယူကရိန်းတပ်တွေကို ရုရှားအစိုးရက တွန်းထုတ်ရာမှာ ကူညီပါဝင်တဲ့ မြောက်ကိုရီးယား စစ်သားတွေရဲ့ အခန်းကဏ္ဍကို လျှို့ဝှက်ထားဖို့ လပေါင်းများစွာ ကြိုးပမ်းခဲ့ပေမဲ့ အခုတော့ အပြန်အလှန် လူသိရှင်ကြား ဂုဏ်ယူရတဲ့ကိစ္စ ဖြစ်လာပါတယ်။
“ကာ့က်စ်ခ်မြို့ရဲ့ ပိုက်နက်မြေတွေကို လွတ်မြောက်အောင်ဆောင်ရွက်ရာမှာ မြောက်ကိုရီးယား ညီအစ်ကိုတွေရဲ့ အောင်မြင်မှုရှေ့မှာ ကျနော် ဦးညွတ်ပါတယ်”လို့ ရုရှားလူထုအဖွဲ့ဝင် အလက်ဇန္ဒားက မော်စကိုပြပွဲရဲ့ မှတ်ချက်စာအုပ်မှာ ရေးသားခဲ့ပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ရုရှားပိုင်နက်ထဲကို အကြီးမားဆုံးပြည်ပကျူးကျော်ထိုးစစ်အဖြစ် မနှစ်က သြဂုတ် ၆ ရက်မှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေက ရုရှားနယ်စပ်တလျှောက် ထိုးစစ်ဆင်ခဲ့လို့ ရုရှားအစိုးရကို အငိုက်မိ အရှက်ရစေခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနိုင်ငံသားတွေကို တိုက်ထုတ်လိုက်တဲ့အပေါ် ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ဧပြီလမှာ သူတို့နဲ့ တိုက်ခိုက်ခဲ့တဲ့ မြောက်ကိုရီးယားတွေကို ချီးကျူးခဲ့ပြီး သူ့ရဲ့တပ်မှူးတွေကို ဖုန်းခေါ်ဆိုခဲ့ပါတယ်။
မြောက်ကိုးရီးယားတပ်တွေ ဖြန့်ကြက်ချထားမှုဟာ အလားတူလအတွင်း ပထမဆုံးအကြိမ်အဖြစ် အသိအမှတ်ပြုခံရပြီး မြောက်ကိုရီးယားရဲ့ လက်နက်စီးဆင်းမှုဟာ ရုရှားကို အရေးပါတဲ့ စစ်မြေပြင်မှာ အသာစီးရစေခဲ့တယ်လို့ ရိုက်တာသတင်းဌာနကဖော်ပြပါတယ်။
မြောက်ကိုရီယား တပ်ဖွဲ့ဝင် အင်အား ၁၄,၀၀၀ လောက်ထဲက အသေအပျောက် အယောက် ၆,၀၀၀ ကျော်ရှိခဲ့တယ်လို့ ဗြိတိန် စစ်ထောက်လှမ်းရေးက ခန့်မှန်းထားပါတယ်။
Source: Reuters