Home
နိုင်ငံတကာ
အမေရိကန်က ယူကရိန်းကို တိုမာဟော့ခ်ဒုံးကျည်ပေးပါက စစ်ပွဲအရှိန် မြင့်လာနိုင်ဟု ရုရှားသတိပေး
DVB
·
September 30, 2025
Photo :Reuters

ရုရှားနိုင်ငံအတွင်းထဲကို နက်နက်ရှိုင်းရှိုင်း ထိုးစစ်ဆင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းကို တိုမာဟော့ခ် ခရုဇ်ဒုံးကျည်တွေ ပေးပို့ထောက်ပံ့ခြင်း ရှိ မရှိ စိစစ်နေကြောင်း ရုရှားအစိုးရက စက်တင်ဘာ ၂၉ ရက်မှာ ပြောကြားလိုက်ပြီး ဒီကိစ္စဟာ တိုက်ပွဲကို အလွန်အမင်း အရှိန်ထိုးတက်သွားစေတယ်လို့ ရုရှားအရာရှိတွေက ပြောပါတယ်။

အမေရိကန် အန်တာပရိုက်စ် အင်စတီကျု (AEI) မှ အကြီးတန်း  သုတေသနပညာရှင် ဒါလီဘာ ရိုဟက်ခ်က “ဒါဟာ အပြောင်းအလဲဖြစ်ပြီး ဒါဟာ ယူကရိန်းက တိုက်ခိုက်နိုင်တဲ့ အကွာအဝေးကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာပါ” လို့ ပြောပါတယ်။

ဝါရှင်တန်ဟာ တိုမာဟော့ခ် ခရုဇ်ဒုံးကျည်တွေကို ရချင်ကြောင်း ယူကရိန်းရဲ့တောင်းဆိုချက်ကို စဉ်းစားနေတယ်လို့ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်က ပြောကြားပြီး နောက်တရက်အကြာမှာပဲ အဲဒီမှတ်ချက်တွေ ထွက်ပေါ်လာတာပါ။

တိုမာဟော့ခ် ခရုဇ်ဒုံးကျည်တွေဟာ အကွာအဝေး ၂,၅၀၀ ကီလိုမီတာ (မိုင်ပေါင်း ၁,၅၅၀) ထိ ရောက်ရှိနိုင်ပြီး ယူကရိန်းကနေ ပစ်လိုက်ရင် မော်စကိုနဲ့ ဥရောပဘက်ရှိ ရုရှားနယ်မြေအများစုကို လွယ်လွယ်ကူကူ ထိမှန်နိုင်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကပဲ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ ကရင်မလင် အရာရှိတွေအနေနဲ့ ဗုံးခိုကျင်း နေရာတွေကို ရှာထားသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တိုမာဟော့ခ် ဒုံးကျည်တွေကို ဘယ်နိုင်ငံတွေကနေ ဘယ်လိုဘယ်ပုံ ပေးပို့နိုင်မယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဇလန်းစကီးကတော့ ယူကရိန်းကို ပို့ပေးနိုင်မယ့် ဥရောပနိုင်ငံတွေကို ရောင်းချခွင့်ပြုပေးဖို့ ဝါရှင်တန်ကို တောင်းဆိုထားပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးဘဲ ရုရှားနဲ့ ထိပ်တိုက်ရင်ဆိုင်မှု တိုက်ရိုက်ဖြစ်သွားရင် ယူကရိန်းစစ်ပွဲကို အရှိန်မြင့်လာမှာကို သတိထားနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုချိန်မှာတော့ သူ ဒီလိုလုပ်ဆောင်ဖို့ ချိန်ဆနေတာဟာ ပြီးခဲ့တဲ့လက အလက်စကာ ထိပ်သီးအစည်းအဝေးမှာ ရုရှားခေါင်းဆောင်နဲ့ တွေ့ဆုံချိန် အပစ်အခတ်ရပ်စဲရေးကို သဘောတူဖို့ ငြင်းဆိုခဲ့တဲ့ သမ္မတ ပူတင်ကို စိတ်ပျက်သွားမှု အတိုင်းအတာကို ပြသနေတာလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ကရင်မလင်နန်းတော်အတွက်တော့ ရုရှားနိုင်ငံအတွင်းပိုင်းကို အဲဒီဒုံးကျည်တွေ ပစ်ခတ်ခြင်းအားဖြင့် အမေရိကန်ရဲ့ ပါဝင်ပတ်သက်လာမှုဟာ တိုက်ပွဲအရှိန်မြှင့်လိုက်တဲ့ အန္တရာယ် ဆိုတာ ရှင်းလင်းနေပါတယ်။

အရင်တုန်းကတော့ ပူတင်ဟာ ရုရှားကို ပစ်ခတ်ဖို့အတွက် ယူကရိန်းကို သူတို့ရဲ့ ဒုံးကျည်တွေကို ပစ်ခွင့်ပြုတဲ့ နိုင်ငံတွေရဲ့ စစ်ရေးအဆောက်အဦတွေကို ရုရှားက တိုက်ခိုက်ဖို့ အခွင့်အရေးရှိတယ်လို့ သတိပေး ပြောဆိုဖူးပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024