
ရုရှားရဲ့ တိုက်ခိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ဘယ် နေတိုးအဖွဲ့ဝင်တွေမှ တနိုင်ငံတည်း ကျန်နေခဲ့မှာ မဟုတ်ဘူးလို့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ နေတိုးက ရုရှားရဲ့ ရန်စမှုကို ဆန့်ကျင်ပြီး စည်းလုံးညီညွတ်မှုရှိရှိ ရပ်တည်နေတယ်လို့ ဒေသတွင်း မဟာမိတ် ပြင်သစ်၊ ဂျာမနီနဲ့ ပိုလန် ၃ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ပိုလန်နိုင်ငံ ဝါဆောမြို့တော်မှာ စက်တင်ဘာ ၂ ရက်က ကျင်းပတဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ရုရှားရဲ့ ပေါင်းစပ်တိုက်ခိုက်မှုလှိုင်းလုံးလို့ ခေါ်တဲ့ ရန်စမှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ဘယ် နေတိုးအဖွဲ့ဝင် နိုင်ငံကမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ကျန်နေမှာမဟုတ်ဘူးလို့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ယောဟန်ဝါဒယ်ဖူးလ်က ပြောပါတယ်။
“ရုရှားက ကျနော်တို့ရဲ့ သန္နိဋ္ဌာန်ကို စမ်းသပ်ပြီး မငြိမ်မသက်ဖြစ်အောင် နှိုးဆော်ချင်ပါတယ်။ အဲဒါက အန္တရာယ်များပြီး ရှင်းရှင်းလင်းလင်းနဲ့ စည်းလုံးတဲ့ တုံ့ပြန်မှုမျိုးနဲ့ အဖြေပေးရပါမယ်၊ နေတိုးက မဟာမိတ်နယ်မြေရဲ့ လက်မတိုင်းကို ကာကွယ်ဖို့ အသင့်ဖြစ်နေပြီ။”
ပိုလန်နိုင်ငံခြားရေးဝန်ကြီးကလည်း ရုရှာရဲ့ ရန်လိုမှုကို တိုက်ဖျက်ဖို့ အထိရောက်ဆုံး ကိရိယာက ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေလို့ ပြောပါတယ်။
“ပိတ်ဆို့အရေးယူမှုစနစ်မှာ ရှိပြီးသား ချို့ယွင်းချက်မှန်သမျှကို ပိတ်ပစ်သင့်ပြီး နောက်လာမယ့် ဒဏ်ခတ်အရေးယူမှု အစီအစဥ်ကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”
NATO ဝေဟင်ပိုင်နက်ထဲကို ရုရှားက ဆက်တိုက် ကျုးကျော်ဝင်ရောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဆက်တိုက်ဖြစ်ပြီးတဲ့နောက် ပူးတွဲအစည်းအဝေးနဲ့ ကြေညာချက်ထွက်ပေါ်လာတာပါ။
ပိုလန်လေပိုင်နက်ထဲ ရုရှားဒရုန်းတွေ ကျူးကျော်ဝင်ရောက်လာမှုကို တုံ့ပြန်တဲ့အနေနဲ့ ဥရောပရဲ့ အရှေ့ဘက်ခြမ်းကို ကာကွယ်ရေးကို အားကောင်းစေဖို့အတွက် အရှေ့ဘက်ကင်းသမား စစ်ဆင်ရေးကို နေတိုးက အခုလမှာ စတင်လိုက်ပါတယ်။
Source:Reuters