
ယူကရိန်းမြို့တော်ကိဗ်မှာ ရုရှားရဲ့ ကြီးမားတဲ့ တိုက်ခိုက်မှုကြောင့် လူ ၄ ယောက် ထက်မနည်း သေဆုံးခဲ့ပြီး ၂၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။
ရုရှားဟာ ဒရုန်း ၁၁၅ စင်းနဲ့ ညလုံးပေါက်တိုက်ခိုက်ခဲ့ကြောင်း ဒရုန်း ၉၇ စင်းကို ပစ်ချနိုင်ခဲ့ကြောင်းနဲ့ နေရာ ၁၇ နေရာ ဒရုန်းထိမှန်ခဲ့တယ်လို့ ယူကရိန်းလေတပ်က ထုတ်ပြန်ပါတယ်။
ရုရှားဒရုန်းတွေဟာ ညလုံးပေါက် တိုက်ခိုက်မှုကြောင့် ဇာပိုရီးရှားမှာ ကလေး ၃ ယောက်အပါအဝင် လူ ၁၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ရုရှားဟာရဲ့ တိုက်ခိုက်ခိုက်မှုမှာ ဒုရုန်းနဲ့ ဒုံးကျည်တွေ ရာနဲ့ချီအသုံးပြုခဲ့တယ်လို့ ပြောကြားထားပေမဲ့ ရုရှားကတော့ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။
ယူကရိန်းသမ္မတဇလန်းစကီးက ရုရှားဟာ ယူကရိန်း ၁ နိုင်ငံတည်းကို ကျူးကျော်တာ ရပ်တန့်မှာမဟုတ်ဘဲ ဥရောပရဲ့ လေကြောင်းခံစစ်ကိုလည်း ပြီးခဲ့တဲ့ရက်တွေက စမ်းသပ်ခဲ့တဲ့အကြောင်း စနေနေ့က သတိပေးထားပါတယ်။
ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကို ကျူးကျော်စစ်စတင်ဆင်နွှဲခဲ့တာဖြစ်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ် ဦးဆောင်တဲ့ နိုင်ငံတကာရဲ့ စစ်ပွဲအဆုံးသတ်ရေးကြိုးပမ်းမှုကို ငြင်းပယ်ထားပါတယ်။
“ယူကရိန်းစစ်ပွဲ ပြီးဆုံးအောင် ပူတင်က စောင့်မှာမဟုတ်ပါဘူး။ တခြားစစ်မျက်နှာတွေလည်း သူကဖွင့်ဦးမှာပါ။ သူဘယ်နေရာတွေလိုချင်နေလဲဆိုတာ ဘယ်သူမှမသိပါဘူး” လို့ ဇလန်းစကီးက ပြောပါတယ်။
ဇလန်းစကီးက အခုလို ပြောဆိုခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ရုရှားကကြီးမားတဲ့ တိုက်ခိုက်မှုတွေ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ယူကရိန်းအနောက်ပိုင်းကို ရုရှားက တိုက်ခိုက်ချိန်မှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ပိုလန်ကလည်း တနင်္ဂနွေနေ့ မနက်မှာ လေယာဉ်တွေ ပျံတက်ခဲ့ရတယ်လို့ ပိုလန်စစ်တပ်က ပြောပါတယ်။
စက်တင်ဘာ ၁၀ ရက်ကလည်း ပိုလန်လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ရုရှားဒရုန်း ၃ စင်းကို ပိုလန်နဲ့နေတိုးအဖွဲ့တွေက ပစ်ချခဲ့ပါတယ်။
ဒိန်းမတ်လေဆိပ်တွေအပေါ် ပျံဝဲခဲ့တဲ့ ဒရုန်းတွေနဲ့ပတ်သက်ပြီး ရုရှားက ငြင်းဆိုထားပါတယ်။ အက်စတိုးနီးယားနိုင်ငံကလည်း လေပိုင်နက်ထဲကို ရုရှားစစ်လေယာဉ်တွေ ကျူးကျော် ဝင်ရောက်တယ်လို့ စွပ်စွဲထားပါတယ်။
လေပိုင်နက်ကျူးကျော်မှုတွေဖြစ်ပွားပြီးနောက်ပိုင်းမှာ နေတိုးက လေကြောင်းကာကွယ်ရေးတွေ တိုးမြှင့် ပြုလုပ်ထားပါတယ်။
ထရမ့်ပ်ကတော့ ရုရှားလေယာဉ်တွေကျူး ကျော်လာပါက နေတိုးနိုင်ငံတွေ ပစ်ချသင့်ကြောင်း ပြောထားပါတယ်။
ထရမ့်ပ်က ရုရှား-ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး သူ့ရဲ့ ရပ်တည်ချက်ပြောင်းလဲခဲ့ပြီး ယူကရိန်းက သိမ်းပိုက်ခံထားရတဲ့ နယ်မြေတွေ ပြန်လည်ရယူနိုင်တယ်လို့လည်း ဆိုပါတယ်။
စနေနေ့က ကုလသမဂ္ဂညီလာခံမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ရုရှားဟာ ဥရောပ ဒါမှမဟုတ် နေတိုးအဖွဲ့နိုင်ငံတွေကို တိုက်ခိုက်ဖို့ မရည်ရွယ်ကြောင်းနဲ့ ရုရှားကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်လို့ သတိပေးပြောကြားထားပါတယ်။
Source: Reuters