Home
နိုင်ငံတကာ
နျူကလီးယားအစီအစဉ် စွန့်လွှတ်မည်မဟုတ်ဟု မြောက်ကိုရီးယား ပြော
DVB
·
September 30, 2025
Photo: Reuters

မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယားအစီအစဉ်ကို ဘယ်သောအခါမှ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကင်မ်ဆွန်ဂယောင်းက စက်တင်ဘာ ၂၉ ရက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောလိုက်ပါတယ်။

“အချုပ်အခြာအာဏာနဲ့ တည်ရှိခွင့်ကို စွန့်လွှတ်ဖို့ တောင်းဆိုခြင်းအတွက် တန်ပြန်မှု” လို့လည်း သူက ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟာ ၂၀၁၈ ခုနှစ်မှာ နယူးယောက်မြို့ဆီ ခရီးထွက်ပြီးကတည်းက ကမ္ဘာ့ခေါင်းဆောင်များ အထွေထွေညီလာခံအတွက် မိန့်ခွန်းပြောဖို့ မြောက်ကိုရီးယားအစိုးရက အရာရှိတယောက်ကို ပထမဆုံးအကြိမ် လွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားအပေါ် ‘နျူကလီးယားကင်းစင်ရေး’ သတ်မှတ်ချက် ချမှတ်တာဟာ အချုပ်အခြာအာဏာ၊ တည်ရှိခွင့်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ဖို့ တောင်းဆိုခြင်းနဲ့ တူတယ်လို့ ကင်မ်က ပြောပါတယ်။

နိုင်ငံရဲ့ တရားဝင်နာမည်ဖြစ်တဲ့ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံကိုလည်း ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

“ကျနော်တို့က အချုပ်အခြာအာဏာကို ဘယ်တော့မှ လက်လွှတ်မခံသလို ရှင်သန်နေထိုင်ခွင့်ကို စွန့်လွှတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်တာမျိုး ဘယ်တော့မှ မလုပ်ဘူး” လို့လည်း သူက ဆက်ပြောပါတယ်။

“အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ရန်စခြိမ်းခြောက်မှု ကြီးထွားလာမှုနဲ့ တိုက်ရိုက်အချိုးကျတဲ့ ကျနော်တို့ နိုင်ငံတော်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စစ်ပွဲ အဟန့်အတားကြောင့် ရန်သူနိုင်ငံတွေရဲ့ စစ်ပွဲကို နှိုးဆွဖို့ ဆန္ဒကို နှိုက်နှိုက်ချွတ်ချွတ် ချုပ်ကိုင်ထားပြီး ကိုရီးယားကျွန်းဆွယ်မှာ ပါဝါချိန်ခွင်လျှာကို အာမခံပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

“ကျနော်တို့နိုင်ငံ ဥပဒေ၊ အမျိုးသားရေး မူဝါဒ၊ အချုပ်အခြာ ဩဇာနဲ့ တည်ရှိခွင့်ဖြစ်တဲ့ နျူကလီးယားကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး။ ဘယ်လိုအခြေအနေမျိုးမှာမှ ဒီအဆင့်အတန်းကနေ ဘယ်တော့မှ ထွက်ခွာမှာ မဟုတ်ပါဘူး” လို့ ဒုနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ အထွေထွေညီလာခံကို ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကို အခုနှစ်အတွင်း တွေ့ချင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြီးခဲ့တဲ့လမှာ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်ကို ရပ်ဖို့ သဘောတူညီချက်မရခဲ့တဲ့ ၂၀၁၇-၂၀၂၁ သမ္မတ သက်တမ်းအတွင်း ဆောင်ရွက်ခဲ့တဲ့ တိုက်ရိုက် သံတမန်ဆက်ဆံရေးကို ပြန်အသက်သွင်းဖို့ ထရမ့်ပ်ဟာ ဇန်နဝါရီလမှာ ကျမ်းသစ္စာကျိန်ဆိုကတည်းက ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပေမဲ့ ကင်မ်က လျစ်လျူရှုခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်အစိုးရက နျူကလီးယားလက်နက်တွေ စွန့်လွှတ်ဖို့ အတင်းအကျပ် ပြောနေတာကို ရပ်မယ်ဆိုရင် အမေရိကန်နဲ့ ဆွေးနွေးမှုကို ရှောင်လွှဲဖို့ အကြောင်းမရှိဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကင်မ်က ပြောခဲ့ပါတယ်။

ဒါပေမဲ့ ပိတ်ဆို့အရေးယူမှုတွေကို အဆုံးသတ်ဖို့ နျူကလီးယားလက်နက်တွေကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ၂၀၀၆ ခုနှစ်ကတည်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာ ရှိနေခဲ့တာပါ။

မြောက်ကိုရီးယားအစိုးရရဲ့ နျူကလီးယားလက်နက်နဲ့ ပဲ့ထိန်းဒုံးကျည်များ ဖွံ့ဖြိုးတိုးတက်မှုကို ရပ်တန့်ဖို့ ရည်ရွယ်ချက်နဲ့ နှစ်တွေတလျှောက် အစီအမံတွေ ဆက်တိုက် အားကောင်းလာပါတယ်။

ခုတော့ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်နဲ့ ဖြေလျှော့သင့်ပြီး စေ့စပ်ညှိနှိုင်းမှုတွေ ပြန်စဖို့ မြောက်ကိုရီးယား အစိုးရကို စည်းရုံးသိမ်းသွင်းဖို့ ရုရှားနဲ့ တရုတ်တို့က ကြိုးပမ်းနေပါတယ်။

ရုရှားနိုင်ငံဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော်ဝင်ရောက်လာချိန်ကစပြီး မြောက်ကိုရီးယားနဲ့ သံတမန်ရေးရော စစ်ရေးအရပါ ဆက်ဆံရေးကို ရှေ့တိုးခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့က တနိုင်ငံနဲ့တနိုင်ငံ အပြန်အလှန် သွားရောက် လည်ပတ်ခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းတပ်တွေကို တိုက်ခိုက်ဖို့ မြောက်ကိုရီးယားတပ်တွေကို အသုံးချနေတယ်လို့ မီဒီယာတွေနဲ့ ယူကရိန်း အစိုးရတို့က ဖော်ပြခဲ့ကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013