Home
နိုင်ငံတကာ
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ပစ်ခတ်မှုပြန်ဖြစ်၊ ကုလသမဂ္ဂညီလာခံ၌ အပြန်အလှန်စွပ်စွဲ
DVB
·
September 29, 2025
Photo: Reuters

နယ်မြေအငြင်းပွားနေတဲ့ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ စက်တင်ဘာ ၂၇ ရက်က ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာလည်း နှစ်ဖက် နိုင်ငံခြားရေးဝန်ကြီးတွေက အပြန်အလှန် စွပ်စွဲပြောဆိုခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

စက်တင်ဘာ ၂၇ ရက် မွန်းတည့် ၁၂ နာရီမထိုးခင် လောက်က ဥဘွန်းရာ့ချ်ဌာနီခရိုင်၊ နမ့်ယင်းမြို့နယ် ချောင့်ဘုတ်ဒေသ အမှတ် ၆၇၇ တောင်ကုန်းမှာ ပစ်ခတ်သံစကြားရတယ်၊ ၁၂ နာရီမှာတော့ လက်နက်ကျည်ဟာ အမှတ် ၆၇၇ တောင်ကုန်းကို ကျော်ပြီး  အမှတ် ၆၀၀ တောင်ကုန်းကို ရောက်လာတယ်၊ ၁၂ နာရီ ၁၀ မိနစ်မှာ အမှတ် ၅၂၇ တောင်ကုန်းကို ၄၀ မမ ကျည်နဲ့ ၃ ကြိမ် ပစ်ခတ်ခဲ့တယ်၊ ၁၂ နာရီ ၁၆ မိနစ်မှာ ထိုင်းဘက်က ပြန်လည်ပစ်ခတ်တယ်၊ ၁၂ နာရီ ၂၅ မိနစ်နဲ့ ၁၂ နာရီ ၃၅ မိနစ်ထိ အန်မာ့တောင်ကြားမှာ ကမ္ဘောဒီးယားဘက်က ကျည်ထွက်သံ ၁၁ ချက်နဲ့ ၃ ကြိမ် ပစ်ခတ်ခဲ့တယ်၊ မွန်းလွဲ ၁ နာရီ ၁၅ မှာ ကမ္ဘောဒီးယားဘက်က IOT နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို ခေါ်လာပြီး ထိုင်းဘက်က ကျူးကျော်ပစ်ခတ်တယ်လို့ ပြောဆိုခဲ့တယ်လို့ ထိုင်းကြည်းတပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဝင်းထိုင်း ဆုဝါးရီးက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အဲဒီနောက် ကမ္ဘောဒီးယားစစ်တပ် ပြောခွင့်ရ အမျိုးသမီး စစ်ဗိုလ်ချုပ် မာလီဆိုကျေးဒါးက “ထိုင်းနိုင်ငံဟာ အပစ်ခတ်ရပ်စာချုပ်ကို ချိုးဖောက်ပြီး ကမ္ဘောဒီးယားဘက်ကို ပစ်ခတ်တယ်၊ ငြိမ်းချမ်း‌ရေးကို အမှန်တကယ် မလိုလားဘူးလို့ ထုတ်ပြန်ပြောဆိုတယ်၊ နိုင်ငံတော်အတိုင်ပင်ခံ ဟွန်ဆန်ကလည်း မာလီဆိုကျေးဒါး ပြောဆိုချက်ကို လူမှုကွန်ရက်ပေါ် ပြန်ရှယ်ပြီး ထိုင်းစစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းစစ်တပ်ပြောခွင့်ရကတော့ ဖြစ်စဉ်တွေဟာ သဘာဝမကျဘူး၊ ကမ္ဘောဒီးယားဟာ ထိုင်းနိုင်ငံကို နိုင်ငံတကာအသိုက်အဝန်းက  အထင်လွဲအောင် ကုလသမဂ္ဂအစည်းအဝေး ကျင်းပချိန်နဲ့ကိုက်ပြီး ပစ်ခတ်မှုဖြစ်အောင် လှုံ့ဆော်ကာ အကွက်ချ လုပ်ဆောင်တာဖြစ်တယ်၊ ဒါမျိုးက သူတို့လုပ်နေကျပါပဲလို့ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံက သက်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း အမေရိကန်နိုင်ငံ နယူးယောက်မှာ စက်တင်ဘာ ၂၇ ရက်က ကျင်းပခဲ့တဲ့ နှစ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တဖက်နဲ့တဖက် အပြန်အလှန် စွပ်စွဲပြောဆိုခဲ့ကြပါတယ်။

ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာ ပရတ်ဆူခွန်းက အိမ်နီးချင်းနိုင်ငံဟာ သူတို့ဘာသူတို့ တဖက်သတ်ရေးဆွဲသတ်မှတ်ထားတဲ့ နယ်စပ်မျဉ်းကို ကိုင်စွဲပြီး ကမ္ဘောဒီးယားအချုပ်အခြာကို ထိပါးတယ်၊ အပစ်ရပ်သဘောတူစာချုပ်ကို ချိုးဖောက်တယ်၊ ထာဝရငြိမ်းချမ်းရေးကို အမှန်တကယ် မလိုလားဘူး၊ အဲဒီကျူးကျော်မှုတွေကြောင့် ကမ္ဘောဒီးယားပြည်သူ သိန်းနဲ့ချီ ဒုက္ခရောက်ရတယ်၊ ကမ္ဘောဒီးယားဟာ ကျူးကျော်မှုရဲ့ သားကောင် ဖြစ်ရတယ်၊ ဝမ်းနည်းစရာကောင်းလှပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟတ်ဆဒ် ဖုန်းကစ်ကယောက်ကလည်း သူ့အနေနဲ့ ဒီအစည်းအဝေးမှာ ဒီခေါင်းစဉ်နဲ့ပြောဖို့ စီစဉ်လာတာမဟုတ်ပေမဲ့ စွပ်စွဲချက်တွေ ပြန်လည်ချေပဖို့ တင်ပြလိုကြောင်း၊ ကမ္ဘောဒီးယားဘက်က စွပ်စွဲချက်တွေ မှန်ကန်မှုမရှိ၊ အဖြစ်မှန်ကို ထိန်ချန်ပြီး ထိုင်းဘက်ကို စတင်ပစ်ခတ်ခြင်းသာဖြစ်တယ်၊ တကယ်တမ်း သားကောင်ဖြစ်ခဲ့ရတာဟာ ပဋိပက္ခတွေအတွင်း ထိခိုက်သေဆုံးခဲ့ရတဲ့ ထိုင်းစစ်သည်နဲ့ ထိုင်းကျောင်းသားလေးတွေ၊ ထိုင်းပြည်သူတွေသာ ဖြစ်တယ်လို့ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ လွန်ခဲ့တဲ့ ၁၉၇၀ ပြည်တွင်းစစ်ဖြစ်စဉ်က သိန်းနဲ့ချီတဲ့ ကမ္ဘောဒီးယားပြည်သူတွေ ထိုင်းဘက်ထွက်ပြေးလာခဲ့တယ်၊ ထိုင်းကလည်း လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးပြီး ခိုလှုံခွင့်ပြုခဲ့တယ်၊ စစ်ပြီးတော့လည်း ပြန်လည်ထူထောင်ရေးအတွက် လမ်း၊ ဆေးရုံ၊ စာသင်ကျောင်းတွေ ဆောက်ပေးခဲ့တယ်၊ နောင်ကျန်းနဲ့ နောင်ယေးဒေသမှာ လာပြီး ခိုလှုံတဲ့ ကမ္ဘောဒီးယားပြည်သူတွေ နေရပ်မပြန်တော့ဘဲ အဲဒီမှာပဲ အခြေချကြတယ်၊ ဒီလို ကူညီ စောင့်ရှောက်မှုတွေ ပေးခဲ့တာကို ကမ္ဘောဒီးယားက ခုလိုစွပ်စွဲတာဟာ အိမ်နီးချင်းကောင်း ပီသပါရဲ့လား၊ ထိုင်းအနေနဲ့ နယ်စပ်တည်ငြိမ်အေးချမ်းရေးကို အထူးလိုလားပြီး ဒီအတွက် နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

Source: PPTV / CH7 / ThaiPBS

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013