
ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲ့အိုင်းမြို့နယ် မြန်မာနယ်စပ်အနီးမှာ မိုးရေထဲပိတ်မိနေတဲ့ ကားတစီးထဲ စိတ်ကြွဆေးပြား ၃ သန်းလောက် သိမ်းဆည်းရမိတယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
စက်တင်ဘာ ၂၇ ရက် ည ၉ နာရီခွဲလောက်က မဲ့အိုင်းမြို့နယ်၊ မဲ့နားဝမ်အုပ်စု၊ မဲ့ဆောဝ် စစ်ဆေးရေးဂိတ် တာဝန်ကျ လုံခြုံရေးရဲတပ်ဖွဲ့ဟာ နယ်မြေအနီးတဝိုက် နယ်လှည့် စစ်ဆေးစဉ် ဘန့် ဟွေ့မုန့်ရွာနားရောက်တော့ မိုးသည်းထန်လာပြီး အဲဒီနားမှာ လမ်းဘေးနား ရပ်ထားတဲ့ အဖြူရောင် တိုယိုတာဟိုင်းလပ်စ်ကားတစီးကို တွေ့ရတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
လူ ၃ ယောက်ဟာ ကားပေါ်ကနေ အိတ်တွေချနေကြတယ်၊ ရဲကားကိုတွေ့တော့ ဆိုင်ကယ်စီးပြီး ထွက်သွားကြတယ်၊ မသင်္ကာဖွယ်ရှိတာကြောင့် ရဲတွေက အဲဒီကားနား သွားစစ်ရာမှာ လူတယောက်မှ မရှိတော့ဘူး၊ ယာဉ်မောင်းထိုင်ခုံဘေးကနေ မြွေရေခွံအိတ်တလုံး၊ ယာဉ်မောင်းသူ အနောက်ထိုင်ခုံနားမှာ အိတ် ၃ လုံးနဲ့ နောက်ခန်းမှာ ၁၁ လုံး စုစုပေါင်း အိတ် ၁၅ လုံး တွေ့ရှိတယ်။
တာဝန်ရှိသူတွေက အိတ်တွေဖောက်ကြည့်ရာ အထဲမှာ စိတ်ကြွဆေးတွေ တွေ့ရှိပြီး အိတ် ၁၅ လုံးထဲမှာ စုစုပေါင်း စိတ်ကြွဆေး ၃ သန်းခန့် သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက စိတ်ကြွဆေးတွေနဲ့ အဆိုပါကားကို ရဲစခန်းဆီ ယူဆောင်ခဲ့ပြီး ထွက်ပြေး လွတ် မြောက်နေသူတွေနဲ့ ကားပိုင်ရှင်ကို လိုက်လံစုံစမ်းရှာဖွေနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: Khaosod News / Maesaipress