ထိုင်းနိုင်ငံမှာ ခုရက်ပိုင်းတွင်း ရာဂါဆာ မုန်တိုင်းအရှိန်ကြောင့် ခရိုင်အတော်များများမှာ မိုးသည်းထန် ရေကြီးရေလျှံပြီး လူပေါင်း ၂ သိန်းခွဲလောက် ရေဘေးသင့်ခဲ့တယ်လို့ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဦးစီးဌာန (DDPM) က စက်တင်ဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီမတိုင်ခင်ရှေ့က ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း၊ ဘန်ကောက်နဲ့ အနီးတဝိုက် စတဲ့ဒေသ ခရိုင်ပေါင်း ၅၅ ခုမှာ မိုးသည်းထန် ရေကြီးရေလျှံ သတိထားဖို့၊ ဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ကြဖို့ ကြေညာထားခဲ့တယ်၊ စက်တင်ဘာ ၂၄ ထိ ကောက်ခံရရှိတဲ့ စာရင်းအရ ရေဘေးသင့်ခဲ့တဲ့ ခရိုင်ပေါင်း ၁၆ ခု ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါခရိုင်တွေမှာ ချင်းမိုင်၊ ဗိစနုလုတ်၊ ဆုခိုထိုင်း၊ ဖစ်ချဘွန်း၊ ဖိကျစ်၊ နခွန်းဆဝမ်၊ ဥထိုင်းဌာနီ၊ ချိုင်းနတ်၊ ဆင်းပူးရီး၊ အန်ထောင်း၊ ဆုဖန်းပူရီ၊ အယုဒ္ဓယ၊ ပထုန်ဌာနီ၊ နခွန်းပထုန်၊ ဆူရင်းနဲ့ ချချိန်းဆောင်း စတာတွေဖြစ်ပြီး ၆၃ မြို့နယ်၊ အုပ်စု ၃၉၂ ခု၊ ရပ်ကျေး ၂,၃၀၇ က အိမ်ထောင်စု ၇၆,၁၉၉ စုက လူဦးရေ ၂၄၇,၄၇၇ ယောက် ရေဘေးသင့်ခဲ့တယ်၊ သေဆုံးသူ ၄ ယောက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
အဆိုပါ ၁၆ ခရိုင်ထဲမှာ စက်တင်ဘာ ၂၅ မှ ၂၇ အထိလည်း မိုးဆက်လက်သည်းထန်ဖွယ်ရှိတယ်၊ ဒါကြောင့် ရုတ်တရက် ရေကြီးရေလျှံခြင်း၊ တောင်ကျချောင်းရေ၊ ရေဝပ်လေ့ရှိတဲ့ အနိမ့်ပိုင်း၊ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေ သတိထားဖို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စက်တင်ဘာ ၂၅ မှ ၃၀ အတွင်း မဲခေါင်မြစ်နဲ့ မယ်နမ့်ကျောက်ဖရားမြစ် ရေတက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ မိုးလေဝသ သတိပေးချက်တွေ အဆက်မပြတ် နားစွင့်ပြီး ရေဘေးအန္တရာယ် ကြုံရပါက သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဌာန အရေးပေါ်ဖုန်းလိုင်း ၁၇၈၄ ဒါမှမဟုတ် Line @1784DDPM ကို ၂၄ နာရီ ဆက်သွယ် အကူအညီတောင်းနိုင်တယ်လို့ ကြေညာထားပါတယ်။
Source: DDPM