
ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော်ဖငန်းမြို့နယ်ထဲမှာ ဧည့်လမ်းညွှန်လုပ်ကိုင်နေတဲ့ မြန်မာတယောက် နဲ့ ဂျာမန်တယောက်တို့ ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
နယ်မြေထဲက နိုင်ငံခြားသားတချို့ဟာ တရားမဝင်ဧည့်လမ်းညွှန်လုပ်ကိုင်နေကြောင်း ထိုင်းဒေသခံတွေက တိုင်ကြားတာကြောင့် ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာ ရဲတပ်ဖွဲ့ဟာ စုံစမ်းထောက်လှမ်းမှုတွေ ပြုခဲ့တယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်မှာတော့ မြန်မာတယောက်ဟာ လျှပ်စစ်ဆိုင်ကယ် စီးနင်းပြီး နိုင်ငံခြားသား ၂ ယောက်ကို လည်ပတ်စရာနေရာတွေ လိုက်လံပို့ဆောင်ပေးနေတာ တွေ့ရှိတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
စစ်ဆေးချက်အရ အဆိုပါ မြန်မာနိုင်ငံသားဟာ အသက် ၃၁ နှစ်ရွယ် ပြည့်ဖြိုးအောင် ဆိုသူဖြစ်ပြီး ခရီးသွားလုပ်ငန်းတခုမှာ အလုပ်လုပ်နေတာလို့ ဆိုပါတယ်။ အဲဒီနောက် မစ္စတာ ရိုမင် ခရစ်စတင်း ဂျက်ကီ (၃၃ နှစ်) က သူဟာ ပြည့်ဖြိုးအောင်ရဲ့ အလုပ်ရှင်ပါလို့ လာပြောတယ်။ သူတို့ဟာ ကော့စမွီ ထက်စ်အီးဘိုက်ခ် ခရီးသွားလုပ်ငန်းကုမ္ပဏီခွဲကဖြစ်တယ်၊ ကမ္ဘာလှည့်ခရီးသည်တွေကို တဦးလျှင် ဘတ် ၂၀၀၀ နှုန်းနဲ့ ဝန်ဆောင်ခယူပြီး လိုက်လံပို့ ဆောင်ပေးတယ်၊ အွန်လိုင်းကနေ ကြော်ငြာတယ်လို့ ပြောပါတယ်။
တာဝန်ရှိသူတွေက အချက်အလက်တွေ ပြန်လည်စစ်ဆေးရာမှာ ကော့စမွီမှာ ဖွင့်ထားတဲ့ အဆိုပါခရီးသွားကုမ္ပဏီဟာ တရားဝင်ခွင့်ပြုချက်တင်ထားခြင်းမရှိဘူး။ နိုင်ငံခြားသားတွေအနေနဲ့လည်း ဧည့်လမ်းညွှန် နဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ပိုင်ခွင့်မရှိဘူး။
ဒါကြောင့် ပြည့်ဖြို့အောင်အား ခွင့်ပြုချက်မရှိဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်မှု၊ လုပ်ပိုင်ခွင့်မရှိတဲ့ လုပ်ငန်းမှာ လုပ်ကိုင်မှုတွေနဲ့ အရေးယူသွားမယ်၊ အလုပ်ရှင် မစ္စတာရိုမင်ကိုလည်း အထက်ပါပုဒ်မတွေအပြင် တရားမဝင် အလုပ်သမားငှားရမ်းခန့်ထားမှုနဲ့ပါ ထပ်ပြီး အရေးယူသွားမယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေဟာ သူတို့ရုံးခန်းကို သွားရောက်စစ်ဆေးပြီး ခရီးသွားဝန်ဆောင်မှုဆိုင်ရာ အသုံးအဆောင်တွေ၊ ဆိုင်ကယ်တွေအပါအဝင် ဘတ်သန်းနဲ့ချီတဲ့ ပိုင်ဆိုင်မှုတွေပါ သိမ်းဆည်း လိုက်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source : MGROnline / Matichon News