
တရုတ်ဝန်ကြီးချုပ် လီချန်ဟာ စက်တင်ဘာ ၂၉ ရက်က တရုတ်မြို့တော် ပေကျင်းမှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးဆန်းဟွေနဲ့ တွေ့ဆုံခဲ့ပြီး ဘုံအကျိုးစီးပွားကို ကာကွယ်ဖို့ တရုတ်နိုင်ငံက နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်သွားဖို့ အသင့်ရှိတယ်လို့ ပြောခဲ့ပါတယ်။
အခုလအစောပိုင်းမှာ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းတို့ ပေကျင်းမြို့တော်မှာ တွေ့ဆုံခဲ့ကြပြီး တရုတ်နဲ့ မြောက်ကိုရီးယားအကြား ချစ်ကြည်ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆက်ဆံရေးကို နက်ရှိုင်းစေရေးအတွက် အရေးကြီးတဲ့ သဘောတူညီမှုကို ရခဲ့တယ်လို့ လီက ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားနဲ့ အဆင့်တိုင်းမှာ နီးကပ်တဲ့ ကူးလူးဆက်ဆံမှုနဲ့ အပြန်အလှန် ဆက်ဆံရေးကို ထိန်းသိမ်းဖို့၊ အပြန်အလှန် နားလည်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ဖို့နဲ့ ဘုံဖွံ့ဖြိုးတိုးတက်မှုကို ပူးတွဲမြှင့်တင်ဖို့ နယ်ပယ်အသီးသီးမှာ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိတယ်လို့ တရုတ်ဝန်ကြီးချုပ်က ပြောပါတယ်။
နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကြား ညှိနှိုင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး လုပ်ငန်းအားလုံးမှာ တည်ငြိမ်တဲ့ တိုးတက်မှုတွေ ဆောင်ကြဉ်းဖို့လည်း လီက တောင်းဆိုခဲ့ပါတယ်။
တရုတ်နဲ့ ဆက်ဆံရေး ခိုင်မာအောင် တည်ဆောက်ခြင်းဟာ နှစ်နိုင်ငံအစိုးရတွေနဲ့ ပြည်သူတွေရဲ့ အခြေခံအကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ မြောက်ကိုရီးယားရဲ့ မယိမ်းယိုင်တဲ့ ရပ်တည်ချက် ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးဆန်းဟွေက ပြောပါတယ်။
မြောက်ကိုရီးယားဟာ လူသားမျိုးနွယ်အတွက် မျှဝေတဲ့ အနာဂတ်နဲ့ ကမ္ဘာလုံးဆိုင်ရာ အစပျိုးမှုလေးခုတို့နဲ့ အသိုက်အဝန်းတည်ဆောက်ရေး သဘောတရားကို အပြည့်အဝ ထောက်ခံပြီး ထိုင်ဝမ်၊ ရှင်းကျန်း၊ ရှီကျန်းနဲ့ ဟောင်ကောင်တို့ အပါအဝင် တရုတ်ရဲ့ အဓိက အကျိုးစီးပွား ကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ ရပ်တည်ချက်ကို အခိုင်အမာ ဆက်လက် ထောက်ခံသွားမယ်လို့လည်း ချိုးက ပြောပါတယ်။
မြောက်ကိုရီးယားဟာ အဆင့်မြင့်ဖလှယ်မှုတွေ တိုးမြှင့်ဖို့၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွေကြား ဆက်သွယ်ရေး အားကောင်းစေဖို့၊ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့နဲ့ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လာစေဖို့ တရုတ်နဲ့ လက်တွဲလုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့လည်း ချိုးက ပြောခဲ့ပါတယ်။
Source: Reuters