Home
နိုင်ငံတကာ
အီရန်အပေါ် ကုလ ဒဏ်ခတ်ပိတ်ဆို့မှု ပြန်လည်ချမှတ်ခြင်းကို ရုရှား အသိအမှတ်မပြု
DVB
·
October 2, 2025
Photo: REUTERS/Eduardo Munoz

အီရန်အပေါ် ကုလသမဂ္ဂရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်တာကို ရုရှားက အသိအမှတ် မပြုကြောင်း ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီး ဗာစီလီနေဘန်ဇီယာက အောက်တိုဘာ ၁ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

အောက်တိုဘာလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် ရုရှားနိုင်ငံက စတင်တာဝန်ယူခြင်း အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲတခုမှာ ဒီအစီအမံကို မော်စကိုက လက်ခံ မခံ သတင်းထောက်တွေက မေးမြန်းခဲ့တာကို ပြန်လည်ဖြေကြားခဲ့တာပါ။

ဥရောပအင်အားကြီးနိုင်ငံတွေက အစပျိုးခဲ့တဲ့ snapback လို့ခေါ်တဲ့ လုပ်ငန်းစဉ်တခုအပြီး စနေနေ့ ညနေပိုင်းမှာ ကုလသမဂ္ဂဟာ အီရန်အပေါ် သူ့ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး လက်နက်ရောင်းချမှု ပိတ်ပင်မှုနဲ့ တခြား ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်ချမှတ်ခဲ့တာပါ။

တီဟီရန်ကလည်း အဲဒီလုပ်ဆောင်မှုကို ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေးလိုက်ပါတယ်။

အီရန်ဟာ နျူကလီယားဗုံး ထုတ်လုပ်တာကို ရပ်တန့်ဖို့ ရည်ရွယ်တဲ့ ၂၀၁၅ သဘောတူညီချက်ကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ snapback လုပ်ငန်းစဉ်ကို စတင် လုပ်ဆောင်ခဲ့တာပါ။

အီရန်ကလည်း နျူကလီးယားလက်နက် လုပ်ဆောင်တယ်ဆိုတာကို ငြင်းဆိုထားပါတယ်။

အီရန်၊ ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ်၊ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ အစပျိုး သဘောတူခဲ့တဲ့ ၁၀ နှစ်တခုကြာ နျူကလီးယား သဘောတူညီချက်အဆုံးမှာ မကြာသေးခင်ကလည်း အစ္စရေးနဲ့ အမေရိကန်တို့က အီရန်နျူကလီးယား အဆောက်အဦတွေကို ပစ်ခတ်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ရိုက်တာသတင်းက ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြန်လုပ်ဆောင်လာရင် အီရန်ဟာ လက်နက်ပိတ်ဆို့မှု၊ ယူရေနီယံသန့်စင်မှုနဲ့ ပြန်လည်ဆက်စပ်လုပ်ဆောင်မှု အားလုံးကို တားမြစ်ခံရတာတွေအပြင် နျူကလီးယားလက်နက် သယ်ဆောင်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ဆိုင်တဲ့  လုပ်ဆောင်မှုတွေ အားလုံးကိုလည်း တားမြစ်ခံရမှာ ဖြစ်ပါတယ်။

ပြန်လည်ချမှတ်ခံရမယ့် တခြား ပိတ်ဆို့အရေးယူမှုတွေထဲမှာ ဒါဇင်နဲ့ချီတဲ့ အီရန်နိုင်ငံသားတွေ ခရီးသွားလာခွင့် ပိတ်ပင်ခံရမှု၊ ဒါဇင်နဲ့ချီတဲ့ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ခံရမှု၊ နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်မှာ အသုံးချနိုင်သမျှ ပစ္စည်း၊ ကိရိယာ၊ နည်းပညာတွေ ပေးပို့ခြင်းကိုလည်း တားမြစ်ခံရမှုတွေ ပါဝင်မှာဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013