
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူတရပ်လုံး ခံစားနေရတဲ့ ဒုက္ခဆင်းရဲတွေကို ကောင်းစွာသိရှိနားလည်ပြီးဖြစ်လို့ စစ်တပ်အား နိုင်ငံရေး၊ စစ်ရေးနဲ့ ငွေကြေးအရ ထောက်ခံမှု မပေးဖို့နဲ့ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဝိုင်းဝန်း ဆန့်ကျင် ကန့်ကွက်ဖို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြားသော လူနည်းစုတွေရဲ့ အခြေအနေဆိုင်ရာ အဆင့်မြင့်ကွန်ဖရင့်ကို စက်တင်ဘာ ၃၀ ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပရာမှာ ပြောကြားခဲ့တာလို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရိုဟင်ဂျာ မွတ်ဆလင်တွေရဲ့ အခြေအနေဟာ ကာလကြာမြင့်စွာ ဖြစ်ပေါ်နေပြီး ကြီးလေးတဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းကို ဖော်ပြနေတယ်၊ လက်ရှိအခြေအနေမှာ စစ်တပ်က ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ အနှံ့အပြားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေလို့ ရိုဟင်ဂျာတွေ နေရပ်သို့ ဘေးကင်း လုံခြုံစွာ၊ သိက္ခာရှိစွာ၊ ဆန္ဒအလျောက် ပြန်လည်သွားရောက်နိုင်ရေးအတွက် အချိန်တိုအတွင်း ဖြစ်လာနိုင်မယ့် အလားအလာ မတွေ့မြင်ရဘူးလို့ ပြောပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အထောက်အပံ့ဖြစ်စေမယ့် ဝန်းကျင်ကောင်းတခု ဖန်တီးနိုင်ရေးအတွက် စစ်အာဏာရှင်စနစ်နဲ့ အရပ်သားပြည်သူလူထုအပေါ် စစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ချုပ်ငြိမ်းရေးတို့ကို ဦးစွာ လုပ်ဆောင်ဖို့လိုတယ်၊ ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေအရေး ဖြေရှင်းရာမှာ ပြဿနာရဲ့ ဇာစ်မြစ်ကို မဖြေရှင်းဘဲ မဖြစ်နိုင်၊ စစ်အာဏာရှင်စနစ်၊ ၎င်းတို့ မတရား သိမ်းယူထားတဲ့ အာဏာနဲ့ ၎င်းတို့ အစဉ်တစိုက် အကျိုးခံစားခွင့်ရရှိနေတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ချုပ်ငြိမ်းနိုင်မှသာ ရလဒ်ကောင်း ဖော်ဆောင်နိုင်မယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
ဒါ့အပြင် အဆင့်မြင့်ကွန်ဖရင့်ကနေ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ထိရောက်တဲ့ လုပ်ဆောင်မှုတို့ကနေတဆင့် ရိုဟင်ဂျာတွေ အပါအဝင် မြန်မာပြည်သူတွေအတွက် ၎င်းတို့နဲ့ အတူတကွ ရပ်တည်တယ်ဆိုတဲ့ သတင်းစကားနဲ့ မျှော်လင့်ချက်ကို ပေးဖို့လိုတယ်လို့ ကုလသမဂ္ဂ စင်မြင့်ထက်ကနေ ပြောကြားသွားပါတယ်။
အဆိုပါကွန်ဖရင့်ကို အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီ၊ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စာလှယ် အော့သမန်ဟာရှင်မ်နဲ့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံနဲ့ ဒေသတွင်းမှာ ရိုဟင်ဂျာနဲ့ တခြားလူနည်းစုတွေကို လက်ခံပေးထားတဲ့ အိမ်ရှင်နိုင်ငံတွေကို ကျေးဇူးတင်ရှိကြောင်းနဲ့ သူတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ ငွေကြေးထောက်ပံ့မှုဆိုင်ရာ အကျပ်အတည်းနဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်တပ် အာဏာသိမ်းမှုကြောင့် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေပြီး ဒုက္ခသည်တွေရဲ့ အခြေအနေ ပိုမိုဆိုးရွားလာကြောင်းနဲ့ ပြစ်မှုကျူးလွန်သူတွေကို အပြည်ပြည်ဆိုင်ရာ ဥပဒေစည်းမျဉ်းအရ တာဝန်ခံမှုရှိစေရေး မိန့်ခွန်းတွေ အသီးသီး ပြောကြားခဲ့တယ်လို့လည်း သိရတယ်။