
စစ်အုပ်စုက လုပ်မဲ့ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေရဲ့စာရင်းကို စက်တင်ဘာ ၃၀ ရက်မှာ စပြီး ထုတ်ပြန်ပေးထားပေမဲ့ ပြည်သူအများစုက စိတ်မဝင်စားတာကြောင့် သွားကြည့်သူ မရှိသလောက်ဖြစ်နေတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေက ပြောပါတယ်။
“ဘယ်သူမှ စိတ်ဝင်တစားရှိမနေဘူး။ စာရင်းမပါလေ ကောင်းလေဆိုတဲ့ စိတ်ပဲရှိတယ်။ ရပ်ကွက်ရုံးရှေ့က ဖြတ်သွားဖြစ်လို့ ကြည့်လိုက်တာ စာရင်းစာရွက်တွေ ကပ်ထားတာပဲရှိတယ်၊ လူတယောက်မှမတွေ့ဘူး။”
မင်္ဂလာဒုံမြို့နယ်နေ ပြည်သူတယောက်ကလည်း မဲစာရင်းသွားကြည့်သူမရှိတဲ့အတွက် အပိုင်ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေက မဲစာရင်းကြည့်ဖို့ တအိမ်တက်ဆင်း လိုက်ခေါ်နေတယ်လို့ ပြောပါတယ်။
မဲစာရင်းကို စက်တင်ဘာ ၃၀ ကနေ အောက်တိုဘာ ၁၃အထိ သက်ဆိုင်ရပ်ကွက်ရုံးတွေမှာ ကြေညာပေးထားမှာဖြစ်ပြီး စာရင်းထဲမှာမပါရင် ပုံစံ ၃ နဲ့ ထည့်သွင်းပေးဖို့တောင်းဆိုတာ၊ မပါသင့်တဲ့ သူရှိရင် ပုံစံ ၄ နဲ့ ကန့်ကွက်တာ၊ မဲစာရင်းထဲမှာပါတဲ့ အချက်အလက်လွဲမှားနေရင် ပုံစံ ၄-ဂ နဲ့ ပြင်ဆင်လွှာတင်သွင်းစေလိုတယ်ဆိုပြီး စစ်ကောင်စီသြဇာခံ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ပြင်ဆင်၊ ဖြည့်စွက်တာတွေလုပ်ပြီးရင် နောက်ဆုံးအကြိမ်အနေနဲ့ နိုဝင်ဘာလထဲမှာ ထပ်ပြီး ကြေညာပေးသွားမှာဖြစ်သလို အိမ်ထောင်စုတစုကို အနည်းဆုံး တယောက် မပျက်မကွက် လာကြည့်ဖို့ကိုလည်း ဆိုထားပါတယ်။
စစ်ကောင်စီက အတုယောင်ရွေးကောက်ပွဲကို ဒီဇင်ဘာလကုန်မှာ လုပ်သွားမယ်လို့ ကြေညာထားပေမဲ့ ပြည်သူအများစုက မဲပေးဖို့ စိတ်ဝင်တစား မရှိကြဘူးလို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။