
တတိုင်းပြည်လုံးက မထောက်ခံတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကရင်လက်နက်ကိုင် ၃ ဖွဲ့က ပူးပေါင်းကာကွယ်ပေးမယ်လို့ကြေညာတာဟာ ကိုယ်ကျိုးစီးပွားနဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ ကရင်စစ်ရေးလေ့လာသူတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။
ဒီဇင်ဘာ ၂၈ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ကရင်ပြည်နယ်နဲ့ ပြည်သူတွေရဲ့ ဘဝကို အေးချမ်းတည်ငြိမ်အောင် ဖန်းတီးပေးနိုင်မယ်လို့ ယုံကြည်တာကြောင့် NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) နဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တို့က ပူးပေါင်းကာကွယ်သွားမယ်လို့ စက်တင်ဘာ ၂၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
အခုလို ထုတ်ပြန်တာဟာ အဆိုပါအဖွဲ့အစည်းကို ဦးဆောင်နေတဲ့ လူကြီးတွေ၊ ခေါင်းဆောင်တွေ၊ အရာရှိတွေရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်ပတ်သက် ဆက်နွှယ်နေတယ်လို့ ကရင်စစ်ရေးလေ့လာသူ တယောက်က ပြောပါတယ်။
“လက်ရှိအချိန်မှာ သူတို့ရဲ့သဘောထားတွေ၊ ခံယူချက်တွေ ပြောင်းတယ်။ တတိုင်းလုံး တပြည်လုံးက မထောက်ခံတဲ့ အားမပေးတဲ့ စကမ ကို ကရင်လူမျိုးတွေအတွက် ကိုယ်စားပြု ကရင်လူမျိုးတွေအတွက် ဖက်ဒရယ် State ရဖို့အတွက် လုပ်ဆောင်နေပါတယ်ဆိုတဲ့ DKBA နဲ့ BGF ခေါ် KNA ကတော့ ဒီအချိန်မှာ ကွဲကွဲပြားပြား လူထုတွေက မြင်သွားတယ်။ ဒါတွေဟာ ပြောရမယ်ဆိုရင်တော့ သူတို့အဖွဲ့အစည်းတွေရဲ့ အဖွဲ့အစည်းကို ဦးဆောင်နေတဲ့ လူကြီးတွေ ခေါင်းဆောင်တွေ၊ အရာရှိတွေရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်ပတ်သက် ဆက်နွှယ်လိမ့်မယ်လို့တော့ ယုံကြည်တယ်။”
ကရင်အမျိုးသားအစည်းအရုံး (KNU) ဘက်ကတော့ လာမယ့် ရွေးကောက်ပွဲကို ပြည်သူနဲ့အတူ ဆန့်ကျင်သွားမှာဖြစ်ပြီး စစ်ကော်မရှင်ကို ကူညီတဲ့သူတွေဟာ နိုင်ငံရေးအရ ဆန့်ကျင်ပြီးလုပ်သွားတဲ့ အတွက် KNU မူဝါဒအတိုင်း ဆက်သွားမယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောဆိုထားပါတယ်။
လက်ရှိ ဒေသခံတွေအနေနဲ့လည်း ဒီရွေးကောက်ပွဲကြီးကို ဘယ်သူမှ စိတ်မဝင်စားတဲ့အပြင် အရေးယူတာ မရှိဘူးဆိုရင် မဲပေးမယ့်လူ ရှိမှာမဟုတ်ဘူးလို့ ကရင်အရပ်ဘက်အဖွဲ့အစည်းတခုရဲ့ ဥက္ကဋ္ဌတယောက်က ပြောပါတယ်။
“ရွေးကောက်ပွဲကို ထောက်ခံကာကွယ်ပေးတယ်ဆိုတာ သူတို့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လုပ်တဲ့ကိစ္စ။ ရွေးကောက်ပွဲ တကယ်ဖြစ်ရင် လောလောဆယ်က နီးရာဓားကိုကြောက်ပြီးတော့ အကောင်အထည်ဖော်မယ်ဆိုပြီး လက်ရှိ ရွှေကုက္ကိုလ်၊ ကျောက်ခက်က ကာစီနိုရုံတွေ မထိခိုက်ဖို့ အတွက်ကိုပဲ သူတို့ကာကွယ်တဲ့ ကိစ္စလို့ မြင်တယ်။ နိုင်ငံရေးလို့ မမြင်ဘူး။ ဒါကို KNU ကလည်း လုံးဝလက်မခံသလို အခုလက်ရှိ ဒေသခံတွေအနေနဲ့လည်း ဒီရွေးကောက်ပွဲကြီးကို ဘယ်သူမှ စိတ်မဝင်စားဘူး။ မဲမပေးလို့ ဘာမှအရေးယူခြင်း မရှိဘူးဆိုရင်တော့ သေချာတယ်၊ မဲပေးမယ့်လူ ရှိမှာမဟုတ်ဘူး။”
လက်ရှိမှာလည်း စစ်ကောင်စီတပ်က ရွေးကောက်ပွဲကာလမတိုင်မီ လက်လွှတ်ဆုံးရှုံးထားတဲ့ တပ်စခန်းတွေ ပြန်လည်ရယူနိုင်ဖို့နဲ့ နယ်မြေစိုးမိုးနိုင်ဖို့ မြဝတီမြို့တောင်ဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “လက်ရှိမှာတော့ ကျနော်တို့ ကရင်ပြည်နယ်မှာ သတ်မှတ်ထားတဲ့ကာလ မတိုင်ခင်တော့ စကမ က သူတို့ရဲ့ စိုးမိုးနယ်မြေတွေကို ပြန်လည်ရရှိဖို့ ကြိုးစားအားထုတ်နေတာကို မြင်တွေ့နေရတယ်။ သို့သော်လည်းပဲ ရွေးကောက်ပွဲကာလ မရောက်ခင်မှာ သူတို့သွားချင်တဲ့ လိုချင်တဲ့ စိုးမိုးဧရိယာတွေကို သူတို့ ပြန်လည်ပြီး စိုးမိုးနိုင်မလား၊ ဒါမှမဟုတ် ရွေးကောက်ပွဲ သတ်မှတ်ချိန်ရောက်ပြီ၊ သူတို့သတ်မှတ်ထားတဲ့ စိုးမိုးဧရိယာကို မရဘဲနဲ့ ရွေးကောက်ပွဲကာလကိုပဲ ရွှေ့ရမလား။ ဆိုတာကတော့ ကျနော်တို့ ပိတ်ကားပေါ်မှာပဲ စောင့်ကြည့်ရမယ့် အနေအထားမှာ ရှိတယ်” လို့ ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (ဗဟို) KNU ကတော့ စစ်ကောင်စီပြုလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ကြောင်း ထုတ်ပြန်ထားပြီး ရွေးကောက်ပွဲဖြစ်မြောက်အောင် ပူးပေါင်းဆောင်ရွက်သူတွေကိုလည်း စောင့်ကြည့်အရေးယူသွားမယ်လို့ ပြောဆိုထားပါတယ်။
စစ်ကောင်စီက လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပသွားမှာဖြစ်ပြီး ကရင်ပြည်နယ်မှာတော့ ဘားအံ၊ မြဝတီနဲ့ သံတောင်ကြီး မြို့နယ် ၃ ခုမှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အောင်ခန့်