Home
မေးမြန်းခန်း
“လုံးဝအတုအယောင်ရွေးကောက်ပွဲပဲဖြစ်လိမ့်မယ်” အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ်
DVB
·
September 29, 2025

အမေရိကန်နဲ့ မြန်မာဆက်ဆံရေး၊ စစ်တပ်အာဏာသိမ်းမှု၊ သမ္မတထရမ့်ပ်ရဲ့ စည်းကြပ်ခွန်ကိစ္စ၊ ပိတ်ဆို့ဒဏ်ခတ်မှုနဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ စတာတွေနဲ့ပတ်သက်ပြီး ၂၀၁၆ ကနေ ၂၀၂၀ ခုနှစ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် တာဝန်ထမ်းဆောင်ခဲ့တဲ့  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း  စကော့မာစီရယ် ကို DVB သတင်းထောက် နိုရာ က ဆက်သွယ်မေးမြန်းထားပါတယ်။

(မေးမြန်းချက် အပြည့်အစုံ) 

မေး။ သံအမတ်ကြီး စကော့မာစီရယ်အနေနဲ့ ၂၀၁၆ ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒီကာလအတွင်း NLD နဲ့ သံအမတ်ကြီးရဲ့ ဆက်ဆံရေးက ဘယ်လိုရှိခဲ့ပါသလဲ။

ဖြေ။ “ယေဘုယျအားဖြင့်တော့ တော်တော်လေး ကောင်းမွန်ခဲ့ပါတယ်။ အခက်အခဲရှိတဲ့ အချိန်တွေလည်း ရှိခဲ့တာပေါ့၊ အထူးသဖြင့် ရခိုင်အရေးအခင်းကာလမှာပါ။ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ကျနော်တို့က ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို အလွန်အမင်း ထောက်ခံခဲ့ပါတယ်။ ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းမှုတွေကို ထောက်ခံခဲ့တဲ့အတွက် ကောင်းမွန်တဲ့ မိတ်ဖက်ဆက်ဆံရေး ဖြစ်ခဲ့ပါတယ်။”

မေး။ NLD က ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ စစ်တပ်ရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။ သက်သေမပြနိုင်တဲ့ မဲလိမ်လည်မှု စွပ်စွဲချက်တွေထက် ဒါက အာဏာသိမ်းရတဲ့ အကြောင်းပြချက် ဖြစ်နိုင်တယ်လို့ ထင်ပါသလား။

ဖြေ။ “ဟုတ်ကဲ့၊ လုံးဝဖြစ်နိုင်ပါတယ်။ မဲလိမ်လည်မှု စွပ်စွဲချက်တွေက ဆင်ခြေတခုသက်သက်ပါပဲ။ စစ်တပ်က NLD အစိုးရ နောက်ထပ် သက်တမ်းဆက်ပြီး အုပ်ချုပ်ရင် သူတို့နိုင်ငံရေးနဲ့ စီးပွားရေးအရ အားနည်းသွားမှာကို စိုးရိမ်ခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် အဲဒါက အာဏာသိမ်းရတဲ့ အကြောင်းရင်းဖြစ်မယ်ဆိုတာ ကျနော်သေချာပါတယ်။”

မေး။ ဒါဆို NLD က သူ့ကို ခြိမ်းခြောက်နေတယ်လို့ စစ်တပ်က ခံစားခဲ့ရတာပေါ့။

ဖြေ။ “မြန်မာနိုင်ငံမှာ ကျနော်နေခဲ့တဲ့ ၄ နှစ်ခွဲအတွင်းမှာ မြန်မာစစ်တပ်ရဲ့ အတွေးအခေါ်ကို ဘယ်တော့မှ အပြည့်အဝ နားလည်ခဲ့တယ်လို့ မပြောနိုင်ပါဘူး။ ဒါပေမဲ့ ကျနော်ကြားသိခဲ့ရသမျှ သင်ယူခဲ့ရသမျှအရတော့ ဟုတ်ပါတယ်၊ သူတို့ရဲ့ အာဏာကို NLD က တဖြည်းဖြည်း ချည့်နဲ့အောင် လုပ်သွားမှာကို စိုးရိမ်ခဲ့ကြပါတယ်။”

မေး။ ဒါဆို ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင်ကရော ဘယ်လိုလဲ။ ရှင့်ရဲ့ သံအမတ်သက်တမ်းအတွင်းမှာ မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်နဲ့ ရှင့်ရဲ့ ဆက်ဆံရေးက ဘယ်လိုရှိခဲ့ပါသလဲ။

ဖြေ။ “သိပ်မကောင်းခဲ့ပါဘူး။ အစပိုင်းမှာတော့ ကျနော် အဲဒီကို ရောက်သွားချိန်၊ NLD အစိုးရ ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင်လေးမှာ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်မှာ တော်တော်လေး ပွင့်လင်းမှုတွေ ရှိခဲ့တာကြောင့် စစ်တပ်က နောက်ထပ်တိုးတက်မှုတွေကို အနှောင့်အယှက် မပေးလောက်ဘူးဆိုတဲ့ မျှော်လင့်ချက်တွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြားသူတွေကို နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေကို အနှောင့်အယှက်မပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ စစ်တပ်နဲ့ ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုက သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ ဒီမိုကရေစီတည်ဆောက်ရေးကို ခွင့်ပြုလိုစိတ်အပေါ်မှာ မူတည်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ သူတို့က အဲဒီအပေါ်မှာ စိတ်မဝင်စားဘူးဆိုတာ ရှင်းလင်းလာပြီး ကချင်နဲ့ တခြားနေရာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာ၊ ပြီးတော့ ၂၀၁၇ မှာ ရခိုင်အရေးအခင်း ဖြစ်လာတာနဲ့အမျှ ဆက်ဆံရေးက တော်တော်လေး ခက်ခဲလာခဲ့ပါတယ်။”

မေး။ ဟုတ်ကဲ့၊ ၂၀၁၇ က တော်တော်လေး ခက်ခဲတဲ့နှစ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် ရှင်းလင်းရေးစစ်ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာ (အမေရိကန်က လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်ခဲ့ပါတယ်) သာမက၊ ဖွဲ့စည်းပုံအခြေခံဥပဒေပညာရှင်နဲ့ NLD အကြံပေး ဦးကိုနီလည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ အမေရိကန်က ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။

ဖြေ။ “ကျနော်တို့က မြန်မာနိုင်ငံက လူအများစုလိုပဲ ဦးကိုနီ လုပ်ကြံခံရမှုအပေါ် ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။ တကယ်တော့ သူက (မဆုံးခင်) နောက်တပတ်မှာ ကျနော့်အိမ်မှာ ညစာစားပွဲကို လာဖို့ရှိနေတာပါ‌။ သူက ကျနော်တို့ အလွန်လေးစားရတဲ့ ပုဂ္ဂိုလ်တယောက်ပါ။ ဒါကြောင့် ဒါက တုန်လှုပ်စရာကောင်းတဲ့ ကိစ္စတခုပါ။ အထူးသဖြင့် လေယာဉ်ပေါ်က ဆင်းလာချိန် လေဆိပ်မှာ လူအများရှေ့မှာ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်သွားတာက ပိုဆိုးပါတယ်။ ကျနော်တို့က ဘယ်လိုစုံစမ်းစစ်ဆေးမှုမျိုးမှာမှ မပါဝင်ခဲ့ပေမဲ့ ကြားသိရသမျှအရတော့ စစ်တပ်နဲ့ ဆက်စပ်နေတဲ့သူတွေက ဒီလုပ်ကြံမှုကို လုပ်ဆောင်ခဲ့တယ်ဆိုတာ ရှင်းလင်းပါတယ်။ ဒါကြောင့် စစ်တပ်က တိုင်းပြည်အပေါ် သူတို့ရဲ့ ချုပ်ကိုင်မှုကို အားနည်းစေမယ့် ဘယ်လိုကြိုးပမ်းမှုကိုမဆို တန်ပြန်ဖို့ ရက်စက်ကြမ်းကြုတ်ဖို့ ဝန်မလေးဘူးဆိုတဲ့ သတင်းစကားကို ပေးပို့ခဲ့တာပါ။”

မေး။ ဒါဆို အာဏာသိမ်းပြီးနောက်ပိုင်း အချိန်ကို ဆက်သွားကြရအောင်။ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ မူဝါဒ ဘယ်လိုပြောင်းလဲသွားပါသလဲ။

ဖြေ။ “အာဏာမသိမ်းခင်ကတည်းက ဝါရှင်တန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေအပေါ် စိတ်အားထက်သန်မှုက အနည်းငယ် ကျဆင်းခဲ့ပါတယ်။ အဓိကအားဖြင့် ရခိုင်အရေးအခင်းကြောင့်ပါ။ အဲဒါက ဝါရှင်တန်က လူတော်တော်များများကို တော်တော်လေး စိတ်ပျက်အားလျော့စေခဲ့ပါတယ်။ ဒါပေမဲ့လည်း အမေရိကန်က အာဏာသိမ်းမှုအပေါ် အလွန်ပြင်းထန်စွာ တုံ့ပြန်ခဲ့ပါတယ်။ ကျနော်တို့က ဒါကို အခြေခံဥပဒေနဲ့မညီဘဲ စစ်တပ်က အာဏာသိမ်းမှုတခုအဖြစ် ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါတယ်။

ဒါကြောင့် ဘိုင်ဒင်အစိုးရက (အဲဒီအချိန်မှာ ကျနော် သံအမတ်မဟုတ်တော့ပါဘူး) အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး စစ်တပ်က အသုံးမပြုနိုင်အောင် ဒေါ်လာတစ်ဘီလီယံလောက်ရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ခဲ့ပြီး တခြား ပိတ်ဆို့အရေးယူမှုတွေလည်း ချမှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့ အာဏာသိမ်းမှုကို တန်ပြန်ဖို့ ကြိုးစားနေသူတွေကို နှုတ်အားဖြင့် ထောက်ခံမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျနော့်အမြင်အရတော့ အမေရိကန်က ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေကို အောင်ပွဲခံနိုင်အောင် ကူညီဖို့အတွက် လုံလောက်တဲ့ အာရုံစိုက်မှု ဒါမှမဟုတ် အရင်းအမြစ်တွေ သုံးစွဲခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့် အမေရိကန်မှာ ပြောလေ့ရှိတဲ့ စကားအတိုင်းဆိုရင် ကျနော်တို့ရဲ့ စေတနာက မှန်ကန်ပြီး မူဝါဒရဲ့ ဦးတည်ချက်က ကောင်းမွန်ပါတယ်၊ မြန်မာပြည်သူ အများစုကို ထောက်ခံပါတယ်၊ ဒါပေမဲ့ အင်အားနဲ့ အရင်းအမြစ်တွေ ရင်းနှီးမြှုပ်နှံလိုစိတ်တော့ အနည်းငယ် လိုအပ်နေနိုင်ပါတယ်။”

မေး။ သမ္မတထရမ့်ပ်က အခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး မင်းအောင်လှိုင်ထံ စာတစောင် ပေးပို့ခဲ့ပြီး သူကလည်း သမ္မတထရမ့်ပ်ကို ချီးကျူးတဲ့ စာတစောင်နဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒါက ဘာကိုဆိုလိုပါသလဲ။ ဝါရှင်တန်နဲ့ နေပြည်တော်ကြားမှာ ဆွေးနွေးမှုတွေ ရှိနေပါသလား။

ဖြေ။ “ကျနော်သိသလောက်တော့ မရှိပါဘူး။ ကျနော် အစိုးရအဖွဲ့ထဲက ထွက်လာတာ နှစ်အနည်းငယ်ရှိပါပြီ။ ဒါကြောင့် တိတိကျကျတော့ မပြောနိုင်ပါဘူး။ ဆွေးနွေးမှုတွေ ရှိတယ်လို့ ကျနော်မထင်ပါဘူး။ ကျနော့်အထင်တော့ ပထမဆုံးအချက်က သမ္မတထရမ့်ပ်က မြန်မာနိုင်ငံအကြောင်း ဘာမှမသိပါဘူး။ သူက အစိုးရအမျိုးမျိုးဆီကို စာတွေ ပို့နေခဲ့တာပါ‌။ ကျနော့်အထင်တော့ သိပ်ပြီးစဉ်းစားပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါက စစ်အစိုးရဆီကို စာပို့ရအောင်ဆိုပြီး သတိရှိရှိ ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ တယောက်ယောက်က 'ဒါတွေက နေပြည်တော်မှာ တာဝန်ရှိတဲ့သူတွေ' လို့ ပြောလိုက်တော့ စာက သူတို့ဆီ ရောက်သွားတာပါ‌။ ကျနော့်အမြင်အရတော့ ဒါထက်ပိုပြီး ဘာမှမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတ ဒါမှမဟုတ် သူ့ဘေးက လူတွေက အဲဒီစာကို ပို့တဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အခြေအနေကို နက်နက်နဲနဲ စဉ်းစားနေခဲ့တယ်လို့ ကျနော်မထင်ပါဘူး။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သမ္မတထရမ့်ပ်က မြှောက်ပင့်ပြောဆိုတာကို ကြိုက်တယ်လို့ ကြားဖူးမှာ သေချာပါတယ်။ ဒါကြောင့် သူ့စာက အဲဒီသဘောအရတော့ အဓိပ္ပာယ်ရှိပါတယ်။ ဒါပေမဲ့ ကျနော်သိသလောက်တော့ ဆွေးနွေးမှု မရှိပါဘူး။ ကျနော်မသိတဲ့ အလွန်နိမ့်တဲ့အဆင့်မှာ ဆွေးနွေးမှုတွေ ရှိကောင်းရှိနိုင်ပေမဲ့ ဒါထက်ပိုပြီး ဘာမှမရှိပါဘူး။”

မေး။  ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီးလည်း အငြင်းပွားမှုတွေ ရှိခဲ့ပါတယ်။ ဝါရှင်တန်က မြန်မာစစ်တပ်နဲ့ ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ် ၅ ဦးနဲ့ ကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းခဲ့ပါတယ်။ ဒီအပေါ်မှာ ရှင် ဘယ်လိုထင်ပါသလဲ။

ဖြေ။ “ယေဘုယျအားဖြင့်တော့ ဘိုင်ဒင်အစိုးရလက်ထက်မှာတောင် ကျယ်ပြန့်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့ သတိထားခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀-၂၀၁၂ မတိုင်ခင်က အတွေ့အကြုံအရ ကျယ်ပြန့်တဲ့ ပိတ်ဆို့အရေးယူမှုတွေက မြန်မာနိုင်ငံက သာမန်ပြည်သူတွေကို ထိခိုက်စေတယ်ဆိုတဲ့အမြင် ဝါရှင်တန်မှာ ပေါ်ထွက်လာခဲ့လို့ပါ။ ဒါကြောင့် ဘယ်လိုပိတ်ဆို့အရေးယူမှုမျိုးမဆို ပစ်မှတ်ထားပြီး လုပ်ဆောင်သင့်ပါတယ်။ ဒါက ဘိုင်ဒင်အစိုးရ လုပ်ခဲ့တာပါ။ အဲဒီပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ကျနော့်မှာ ဘာသတင်းအချက်အလက်မှ မရှိပါဘူး။ ဒါပေမဲ့ လူတော်တော်များများက ပြောပြတာကတော့ ဒါက နိုင်ငံရေးအရ သတင်းစကားပေးပို့တာမျိုး မဟုတ်ဘဲ နည်းပညာပိုင်း (နည်းနာပိုင်း) ဆိုင်ရာ ကိစ္စတခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်တာက နိုင်ငံရေးအရ သတင်းစကားတခု ပေးပို့သလို ဖြစ်စေပေမဲ့ အဲဒီလိုရည်ရွယ်ချက် မရှိခဲ့ဘူးလို့ ကျနော့်ကို ပြောပြကြပါတယ်။”

မေး။ အခု စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ အစီအစဉ်အကြောင်း ပြောကြရအောင်။ နေပြည်တော်က စစ်ကောင်စီဟာ ဒီဇင်ဘာ ၂၈ ရက်ကစပြီး ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ကြေညာထားပါတယ်။ အနောက်နိုင်ငံအများစုက NLD ပါဝင်ခွင့်မရှိတဲ့အတွက် ဒါကို အတုအယောင်ရွေးကောက်ပွဲလို့ ခေါ်ဆိုထားပြီးသားပါ။ ဒီရွေးကောက်ပွဲတွေ ကျင်းပဖြစ်မယ်လို့  ထင်ပါသလား။

ဖြေ။ “ကျင်းပဖြစ်ဖို့ အခွင့်အလမ်းရှိတယ်လို့ ကျနော်ထင်ပါတယ်။ တကယ်လို့ ကျင်းပဖြစ်ခဲ့ရင် ဒါက လုံးဝ အတုအယောင် ဖြစ်လိမ့်မယ်ဆိုတာကို ကျနော် လုံးဝယုံကြည်ပါတယ်။ ပထမအချက်ကတော့ ၂၀၂၀ မှာ တရားဝင်ရွေးကောက်ပွဲတွေ ရှိခဲ့တာကြောင့် ဒါကို ကျင်းပဖို့ မလိုအပ်ပါဘူး။ ဒုတိယအချက်က NLD ပါဝင်ခွင့်မရှိတဲ့အပြင်၊ တရားမဝင်တဲ့ စစ်ကောင်စီက မြန်မာပြည်သူအများစုက လိုလားတယ် ဒါမှမဟုတ် လိုအပ်တယ်လို့ ယုံကြည်ကြောင်း သက်သေမပြနိုင်ဘဲ ရွေးကောက်ပွဲတွေကို ကျင်းပဖို့ ကြိုးစားနေလို့ပါ။ ဒါကြောင့် ရွေးကောက်ပွဲတွေ ဆက်လုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါတွေက အတုအယောင် ဖြစ်ပါလိမ့်မယ်။ အိမ်နီးချင်းနိုင်ငံတချို့အတွက် ဒါကို ချီးကျူးပြီး အခု အားလုံးအဆင်ပြေသွားပြီလို့ ပြောဖို့ လုံလောက်နိုင်ပေမဲ့ အကျပ်အတည်းကို အခြေခံကျကျ ဖြေရှင်းပေးနိုင်မှာတော့ မဟုတ်ပါဘူး။”

မေး။ ဒါက စစ်ကောင်စီကို နိုင်ငံတကာမှာ ပိုပြီး မျက်နှာပန်းလှစေနိုင်သလား။

ဖြေ။ “အနည်းငယ်တော့ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ကျနော့်အမြင်အရ ဒါကို ကြိုဆိုဖို့ အလားအလာအရှိဆုံး နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ တခြားနိုင်ငံအနည်းငယ်က စစ်ကောင်စီကို ထောက်ခံပြီးသားပါ။ တရုတ်က အစပိုင်းမှာ သတိထားခဲ့ပြီးနောက် အခုတော့ စစ်ကောင်စီကို ရှင်းရှင်းလင်းလင်း လက်ခံလိုက်ပါပြီ။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်တွေ အပါအဝင်ပေါ့။ ဒါကြောင့် ဒါက အနည်းငယ်တော့ ကွာခြားမှု ရှိစေနိုင်ပါတယ်။ တခြားနိုင်ငံအနည်းငယ်က ဒါကို ချီးကျူးပြီး စစ်ကောင်စီနဲ့ လက်တွဲလုပ်ဆောင်ဖို့ ဆန္ဒရှိနိုင်ပေမဲ့ ကြီးမားတဲ့ ကွာခြားမှု ဖြစ်စေမယ်လို့တော့ ကျနော်မထင်ပါဘူး။”

မေး။ ဒီအပေါ်မှာ အမေရိကန်ရဲ့ ရပ်တည်ချက်ကရော ဘယ်လိုရှိပါသလဲ။ နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်အရာရှိတွေကို ကမ္ဘာတဝန်းက ရွေးကောက်ပွဲတွေအပေါ် မှတ်ချက်ပေးခြင်းမှ ရှောင်ကြဉ်ဖို့ ပြောထားပါတယ်။ ဒါက ဝါရှင်တန်က မြန်မာနိုင်ငံက ရွေးကောက်ပွဲတွေကို ဝေဖန်မှာ မဟုတ်ဘူးလို့ ဆိုလိုပါသလား။

ဖြေ။ “ရိုးရိုးသားသားပြောရရင် ပုံမှန်အားဖြင့်တော့ အမေရိကန်က ဘာလုပ်မလဲဆိုတာ ကျနော် ခန့်မှန်းနိုင်ပါတယ်။ ထရမ့်ပ်အစိုးရလက်ထက်မှာတော့ ခန့်မှန်းရတာ အရမ်းခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆယ်စုနှစ်ပေါင်းများစွာ ကျနော်တို့ ကျင့်သုံးခဲ့တဲ့ ပုံမှန်ချဉ်းကပ်မှုက ထရမ့်ပ်အစိုးရလက်ထက်မှာ အသုံးမဝင်တော့လို့ပါ။ ဒါကြောင့် ရိုးရိုးသားသားပြောရရင် ဟုတ်ကဲ့၊ ကျနော်တို့က ဒီရွေးကောက်ပွဲတွေဟာ တရားမဝင်ဘူး၊ နိုင်ငံတကာအသိုက်အဝန်းက ဒါကို လေးစားမှုမပြသင့်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောဆိုသင့်ပါတယ်။ ဒါပေမဲ့ ထရမ့်ပ်အစိုးရက ဘာလုပ်မလဲဆိုတာ ကျနော် လုံးဝမသိပါဘူး။ အရမ်းကို ခန့်မှန်းရခက်ပါတယ်။”

မေး။ တခြားနိုင်ငံတွေကတော့ မတူညီတဲ့ ရပ်တည်ချက်တွေ ထားကြပါတယ်။ တရုတ်၊ ရုရှားနဲ့ အာဆီယံဒေသတွင်း နိုင်ငံအများအပြားက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲတွေကို ထောက်ခံကြောင်း ဖော်ပြထားပါတယ်။ ဒီအပေါ်မှာ ရှင် ဘယ်လိုထင်ပါသလဲ။

ဖြေ။ “ဒါက ဝမ်းနည်းစရာကောင်းပေမဲ့ အံ့ဩစရာတော့ မဟုတ်ပါဘူး။ ရုရှားက ဘယ်နေရာမှာမှ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေကို ဂရုမစိုက်တာ ရှင်းပါတယ်။ သူတို့က ကိုယ့်ရဲ့ ဩဇာလွှမ်းမိုးမှုကို တိုးမြှင့်ပြီး လက်နက်တွေ ရောင်းချဖို့ပဲ ကြိုးစားနေတာပါ။

တရုတ်ကတော့ ဒီရွေးကောက်ပွဲတွေက မြန်မာနိုင်ငံမှာ အခြေအနေတွေကို တည်ငြိမ်စေလိမ့်မယ်လို့ မျှော်လင့်နေမယ်လို့ ကျနော်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဒီမိုကရေစီ ဒါမှမဟုတ် မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးကို ဂရုမစိုက်ဘဲ၊ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်နိုင်ဖို့ လုံလောက်တဲ့ တည်ငြိမ်မှုကိုပဲ လိုလားလို့ပါ။ ဒါကြောင့် ဒါက အံ့ဩစရာ မဟုတ်ပါဘူး။ 

အာဆီယံနဲ့ ပတ်သက်လို့တော့ မတူညီတဲ့ အာဆီယံနိုင်ငံတွေဆီက မတူညီတဲ့ အသံတွေ ကြားရပါတယ်။ အာဆီယံက ဒီကိစ္စမှာ တသဘောတည်း ရှိတယ်လို့ ကျနော်မထင်ပါဘူး။ ဒါကြောင့် တချို့နိုင်ငံတွေက ဒါကို ကြိုဆိုနိုင်ပါတယ်။ တစိတ်တပိုင်းအားဖြင့် သူတို့ ဘာလုပ်ရမှန်းမသိလို့ပါ။ အာဆီယံအတွက်တော့ မြန်မာနိုင်ငံက အကျပ်အတည်းက အနည်းငယ် အရှက်ရစရာ ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံရဲ့ ဗဟိုပြုမှုအရ အာဆီယံက ဒီပြဿနာကို ဖြေရှင်းပေးရမယ့်သူ ဖြစ်နေလို့ပါ။ အခုတော့ အာဆီယံက ဘယ်လိုပဲဖြစ်ဖြစ် ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ကျနော်မထင်ပါဘူး။ ဒါပေမဲ့ အာဆီယံက နိုင်ငံတချို့က ဒီရွေးကောက်ပွဲတွေက ပဋိပက္ခနည်းပါးပြီး ပိုမိုတည်ငြိမ်တဲ့ ကာလတခုကို ဦးတည်သွားစေလိမ့်မယ်လို့ မျှော်လင့်နေနိုင်ပါတယ်။ ဒါမှ သူတို့ တခြားကိစ္စတွေကို အာရုံစိုက်နိုင်မှာပါ။ ဒါပေမဲ့ အာဆီယံတခုလုံးက ဘာလုပ်မလဲ၊ အဖွဲ့ဝင်နိုင်ငံ တနိုင်ငံချင်းစီက ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရမှာပါ။”

မေး။ အာဆီယံဥက္ကဋ္ဌ မလေးရှားက ရွေးကောက်ပွဲမတိုင်ခင် အကောင်အထည်ဖော်စေချင်တဲ့ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်ပြီး အာဆီယံအတွင်းမှာ ဘယ်လိုပြောင်းလဲမှုတွေ လိုအပ်ပါသလဲ။

ဖြေ။ “ကျနော်က ဘုံသဘောတူညီချက် ၅ ချက်ကို သိပ်ပြီး သဘောကျတဲ့သူ မဟုတ်ပါဘူး။ အာဆီယံက ၂၀၂၁ မှာ ဗိုလ်ချုပ်ကြီးတွေကို နိုင်ငံရေးအကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ ဖိအားပေးဖို့ ကြိုးစားခဲ့တာကိုတော့ ကျနော် ချီးကျူးပါတယ်။ ဒါပေမဲ့ ပြဿနာက ဘုံသဘောတူညီချက် ၅ ချက်က မြန်မာနိုင်ငံရဲ့ လက်တွေ့အခြေအနေကို ထင်ဟပ်မှု မရှိတာပါပဲ။ စစ်တပ်က လူသတ်တာကို ရပ်တန့်ဖို့ ဒါမှမဟုတ် စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးမှုမှာ ပါဝင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒါက ဘယ်လိုပုံစံ ဖြစ်လာမလဲ ဆိုတာတောင် ကျနော်မသိပါဘူး။ ဒါကြောင့် အာဆီယံက လူတော်တော်များများက ဒါကို နားလည်ပေမဲ့ သူတို့မှာ ပိုကောင်းတဲ့ အကြံဉာဏ် မရှိပါဘူး။ ဒါကြောင့် သူတို့က ဒါကို ဆက်ပြီး ထောက်ခံနေကြသလို တခြားနိုင်ငံအများအပြားကလည်း ပိုကောင်းတဲ့ အကြံဉာဏ် မရှိတဲ့အတွက် ထောက်ခံနေကြတာပါ။ ဒါကြောင့် ကျနော့်အတွက်တော့ အာဆီယံရဲ့ အစပိုင်းကြိုးပမ်းမှုကို ချီးကျူးပေမဲ့ ဘုံသဘောတူညီချက် ၅ ချက်က မွေးကတည်းက သေနေခဲ့ပြီး အခုထိလည်း သေနေတုန်းပါပဲ။”

မေး။ အာဆီယံက အခန်းကဏ္ဍတခုကနေ ပါဝင်နိုင်သေးသလား။

ဖြေ။ “မြန်မာနိုင်ငံမှာတော့ ခက်ပါတယ်။ ကျနော် တာဝန်ထမ်းဆောင်ခဲ့ပြီး နေထိုင်ခဲ့တဲ့ နေရာတွေ အားလုံးထဲမှာ အလျှော့ပေးညှိနှိုင်းမှု အနည်းဆုံး နေရာတခုပါ။ အထူးသဖြင့် စစ်တပ်က လုံးဝ အလျှော့မပေးပါဘူး။ ပြီးတော့ အာဏာတည်မြဲရေးအတွက် တိုင်းပြည်မှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စေဖို့ ဝန်မလေးပါဘူး။ ဒါက အာဆီယံ ဒါမှမဟုတ် ကုလသမဂ္ဂသံတမန်တွေ ဒါမှမဟုတ် ဘယ်သူမဆို သဘောတူညီချက်တခု ရရှိအောင် ညှိနှိုင်းဖို့ အရမ်းခက်ခဲစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘောတူညီချက်တခုက ဘယ်လိုပုံစံ ဖြစ်မလဲဆိုတာ ကျနော်မသိလို့ပါ။ အတိုက်အခံတွေက စစ်အစိုးရကို (စစ်တပ်ကို) အာဏာကနေ ဆင်းပေးစေချင်တယ်။ စစ်တပ်က အာဏာကနေ ဆင်းပေးဖို့ ငြင်းဆန်တယ်။ အဆင်ပြေမယ့် အလျှော့ပေး ညှိနှိုင်းမှုတခုကို ဘယ်လိုရရှိနိုင်မလဲ ကျနော်မသိပါဘူး။ ဒါကြောင့် အာဆီယံက ဗိုလ်ချုပ်ကြီးတွေအပေါ် ပိုပြီး ဖိအားပေးတာကို ကျနော်မြင်ချင်ပါတယ်။ ဒါပေမဲ့ ဒါက အာဆီယံရဲ့လုပ်ရပ် မဟုတ်သလို သူတို့က ပိတ်ဆို့အရေးယူမှုတွေ ဒါမှမဟုတ် အဲဒီလိုမျိုးတွေ ချမှတ်မှာလည်း မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံအတွင်းက အခြေအနေ မပြောင်းလဲသေးသရွေ့နဲ့ တိုးတက်မှုအတွက် အခွင့်အလမ်း မပေါ်ပေါက်သေးသရွေ့တော့ အာဆီယံက အထောက်အကူပြုတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်အထိတော့ သူတို့လုပ်နိုင်တာ သိပ်မရှိဘူးလို့ ကျနော်ထင်ပါတယ်။

မေး။ တရုတ်ရဲ့ အခန်းကဏ္ဍကရော ဘယ်လိုရှိပါသလဲ။ တရုတ်က စစ်အစိုးရ (စစ်ကောင်စီ) ကို ပိုပြီး ပေါ်ပေါ်ထင်ထင် ထောက်ခံလာတာက အာဆီယံရဲ့ ချဉ်းကပ်မှု မအောင်မြင်ရတဲ့ အကြောင်းရင်းတခု ဖြစ်နိုင်သလား။

ဖြေ။ “ဒါက အာဆီယံရဲ့ ချဉ်းကပ်မှု မအောင်မြင်ရတဲ့ အကြောင်းရင်းလို့တော့ ကျနော်မထင်ပါဘူး၊ ဒါပေမဲ့ ဒါက တော်တော်လေး အထောက်အကူမဖြစ်တာတော့ သေချာပါတယ်။ ဒါက စစ်ကောင်စီကို အရှိန်အဟုန်တခု ပေးခဲ့ပါတယ်။ အတိုက်အခံတွေက အရှိန်အဟုန် တော်တော်လေး ရနေခဲ့ပြီးနောက်မှာပေါ့။ တရုတ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ လက်မှတ်ထိုးဖို့ ဒါမှမဟုတ် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ဖိအားအများကြီး ပေးခဲ့တာ ရှင်းပါတယ်။ ပြီးတော့ စစ်ကောင်စီကိုလည်း ထောက်ပံ့မှုတွေ ပေးခဲ့ပါတယ်။ ဒါကြောင့် ဒါက အခြေအနေကို ပိုဆိုးစေပြီး နိုင်ငံကို ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းချက်တခုကနေ ပိုပြီး ဝေးကွာသွားစေတယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ ဒါကို အာဆီယံရဲ့ ကြိုးပမ်းမှု မအောင်မြင်ရတဲ့ အကြောင်းရင်းလို့တော့ ကျနော် အပြစ်မတင်ပါဘူး။ အာဆီယံရဲ့ ကြိုးပမ်းမှုက အဓိကအားဖြင့် မြန်မာစစ်တပ်ကြောင့် မအောင်မြင်ခဲ့တာပါ။”

မေး။ ဒုတိယသံမှူးကြီး (သံရုံးဒုတိယအကြီးအကဲ) ဒေါက်ဂလပ်စ် ဆွန်နက် မြန်မာနိုင်ငံကို ပြန်လာတာက အမေရိကန်နဲ့ ဆက်ဆံရေးအတွက် ဘာကိုဆိုလိုပါသလဲ။

ဖြေ။ “ဒေါက်ဂလပ်စ် ဆွန်နက်က ပညာရှင်ဆန်တဲ့ သံတမန်တယောက်ပါ။ ကျနော် သူ့ကို ကောင်းကောင်းသိပါတယ်။ သူက အရမ်းစွမ်းဆောင်ရည်ရှိပါတယ်။ ဒါက ပုံမှန် တာဝန်အပြောင်းအလဲတခုပါ။ ကျနော်သိသလောက်တော့ ဒါက အမေရိကန်ရဲ့ ချဉ်းကပ်မှုမှာ ဘယ်လိုပြောင်းလဲမှုမျိုးကိုမှ ဆိုလိုတယ်လို့ ယုံကြည်စရာ အကြောင်းမရှိပါဘူး။ ဒါက ပုံမှန် တာဝန်အပြောင်းအလဲတခုပါ။”

မေး။ မြန်မာပြည်သူတွေကို ပြောချင်တာ တခုခုများ ရှိပါသေးသလား။

ဖြေ။ “‘နောက် ၆ လအတွင်းမှာ အားလုံး ဖြေရှင်းပြီးသွားလိမ့်မယ်’ ဆိုတဲ့ စကားမျိုး ပြောစရာရှိရင် ကောင်းမှာပဲလို့ ကျနော်ဆန္ဒပြုပါတယ်။ ကံမကောင်းစွာနဲ့ပဲ အခြေအနေက အရမ်းကို ဆိုးရွားနေပါတယ်။ ကျနော်နဲ့ မြန်မာနိုင်ငံကိုသိတဲ့ တခြားလူတော်တော်များများက မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေအတွက် အရမ်းကို ဝမ်းနည်းကြေကွဲရပါတယ်။ အမြဲတမ်းလိုပဲ ကျနော်တို့က မြန်မာပြည်သူတွေရဲ့ မယုံနိုင်လောက်တဲ့ ရဲစွမ်းသတ္တိနဲ့ ခံနိုင်ရည်စွမ်းကို လေးစားပါတယ်။ နိုင်ငံတကာအသိုက်အဝန်းက သူတို့ကို လက်လျှော့လိုက်ပြီလို့ ခံစားနေရတာ မြန်မာပြည်သူတွေ အလွန်မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်ပြောနိုင်တာကတော့ မြန်မာနိုင်ငံကို သိတဲ့ ကျနော်တို့ထဲက လူတော်တော်များများက အရမ်းကို စိတ်ပူနေကြပြီး ဒီအချိန်မှာ ကျနော်တို့ လုပ်နိုင်တာကတော့ မျှော်လင့်ချက်ပေးတာနဲ့ နိုင်ငံတကာအသိုက်အဝန်းမှာ ဒီကိစ္စကို လျစ်လျူရှုမခံရအောင် ဆက်ပြီး အသက်ဝင်နေအောင် ကြိုးစားဖို့ပါပဲ။”

အခုလို အချိန်ပေးပြီး ဖြေကြားပေးတာ သံအမတ်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024