
အာဏာရှင်အဆက်ဆက်တို့ရဲ့ မလိုမုန်းတီးစိတ်ထားနဲ့ ဘယ်လိုပဲ တိုက်ခိုက်ချေမှုန်း ဖျက်ဆီးနေပါစေ ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထုတ်ပြန်ပါတယ်။
ဒီနေ့ကျရောက်တဲ့ ပါတီတည်ထောင်တာ ၃၇ နှစ်ပြည့် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပြီး စစ်အာဏာသိမ်းတာကြောင့်ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ တွေ့ဆုံဆွေးနွေးတာတွေဟာ ပြေလည်မှုမရနိုင်ဘူးလို့ဆိုပါတယ်။
ဒါ့ကြောင့် မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် မိတ်ဆွေနိုင်ငံတွေ၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အင်အားစုတွေက ဆက်လက်ကြိုးပမ်းအားထုတ်ပေးဖို့နဲ့ NLD ကလည်း အားလုံးနဲ့အတူ ထိထိရောက်ရောက်ပူး ပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
NLD ဟာ ယှဉ်ပြိုင်ခဲ့သမျှရွေးကောက်ပွဲတိုင်းမှာ သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သလို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာလည်း မဲဆန္ဒနယ်အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တရားဝင်ဖွဲ့စည်းထားပြီး အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို တရားဝင် ထုတ်ပြန်ကြေညာပြီးဖြစ်လို့ ပြည်သူ့ဆန္ဒနဲ့အညီဖြစ်တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ဟာ နောက်တကြိမ်ကျင်းပမယ့် လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲရလဒ် ပေါ်ထွက်လာချိန်အထိ တရားဝင်တည်ရှိနေမယ်လို့လည်း ထုတ်ပြန်ဖော်ပြပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူလူထုရဲ့ဆန္ဒကိုလျစ်လျူရှု၊ အဲဒီအချိန်က တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး NLD ခေါင်းဆောင်တွေနဲ့ အစိုးရအဖွဲ့အကြီးအကဲတွေကို မတရားဖမ်းဆီးခဲ့သလို အခုတော့ နိုင်ငံတကာနဲ့ ပြည်သူလူထုကို လှည့်စားဖို့လုပ် အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
NLD ကတော့ အဲဒီ အတုအယောင်ရွေးကောက်ပွဲကို လက်မခံ၊ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘဲ အတုအယောင်ရွေးကောက်ပွဲ အကောင်အထည်မပေါ်ဖို့ မိတ်ဖက်အင်အားစုတွေအားလုံးနဲ့ ပူးပေါင်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ပြီးတော့ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၂ ရက်မှာ NLD ကနေ တိုင်းရင်းသားနိုင်ငံရေးပါတီတွေဆီကို ပေးပို့တဲ့အိတ်ဖွင့်ပေးစာမှာပါရှိတဲ့အတိုင်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဘုံရည်မှန်းချက်တူ နိုင်ငံရေးအင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့အတူ ဆက်လက် အကောင်အထည်ဖော်မှာဖြစ်သလို တိုင်းရင်းသား အင်အားစုတွေနဲ့လည်း ရင်းနှီးပွင့်လင်းစွာ ဆက်ဆံရေး တိုးမြှင့်တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။
NLD ဥက္ကဋ္ဌ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယဥက္ကဋ္ဌ ၁ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်တို့ကို ဘယ်နေရာမှာ ဖမ်းဆီးချုပ်နှောင်ထားတာကို ဒီနေ့အထိ မသိရဘဲ ကျန်းမာရေးအခြေအနေ စိုးရိမ်ရတဲ့သတင်းတွေထွက်လာလို့ အထူးစိုးရိမ်ပူပန်ရပြီး မတရားဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေးအတွက် မိတ်ဆွေနိုင်ငံတွေ၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက် အင်အားစုတွေက ဆက်လက်ကြိုးပမ်းအားထုတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။
အာဏာသိမ်းစစ်တပ်က တော့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်တွေ၊ ဝန်ကြီးချုပ်တွေ၊ လွှတ်တော်အမတ်တွေကို ဖမ်းဆီးထားပြီး ပါတီကိုလည်း ဖျက်သိမ်းထားကာ ရွေးကောက်ပွဲ အသစ်ကျင်းပဖို့ လုပ်ဆောင်နေပါတယ်။