Home
မြန်မာသတင်း
ဗိုလ်မှူးနှင့် ဒုဗိုလ်မှူးကြီးများ  အငြိမ်းစားယူပြီး တစညပါတီကိုယ်စားပြု ရွေးကောက်ပွဲ ဝင်ပြိုင်မည်
DVB
·
September 26, 2025

အာဏာသိမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲမှာ ဗိုလ်မှူးနဲ့ ဒုဗိုလ်မှူးကြီး အဆင့်ရှိသူတွေ ၁ဝ ယောက်လောက် အငြိမ်းစားယူပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီကနေ ဝင်ပြိုင်ဖို့ တင်ထားတယ်လို့ တစညပါတီနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

တစညပါတီနဲ့ နီးစပ်သူတယောက်က “လက်ရှိမှာတော့ မင်းအောင်လှိုင်ကို မကြိုက်လို့ပဲ ဆိုဆို၊ ဘယ်လိုပဲပြောပြော သူတို့ အခုလက်ရှိလုပ်မယ်လို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာတော့ မဲပေးမယ့်သူ နည်းတာနဲ့ ကြံ့ဖွံ့က အလိုလို အနိုင်ရမှာပဲ၊ သေချာတာ။ အခု တပ်နဲ့ ကြံ့ဖွံ့က အဆင်အပြေကြီး မဟုတ်လှဘူး။ ဒါကြောင့်မို့လည်း တစညကို ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီးတွေကို ရွှေ့ပြောင်းထည့်သွင်းတယ်လို့ ယူဆမယ်ဆိုရင် ယူဆလို့ရတယ်” လို့ ပြောပါတယ်။

လာမယ့် ဒီဇင်ဘာမှာလုပ်မယ့် ရွေးကောက်ပွဲအတွက် တစညပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေ ထဲမှာ စစ်တပ်အငြိမ်းစားတွေ ပါတယ်လို့ ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းက ဘီဘီစီကို ပြောထားပါတယ်။

စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄,၉၆၃ ယောက်မှာ တစညပါတီက ၆၉၄ ယောက် အမည်စာရင်းတင်သွင်းထားပြီး ကြံ့ခိုင်ရေးပါတီပြီးရင် ဒုတိယ ကိုယ်စားလှယ်လောင်း အများဆုံးပါတီ ဖြစ်ပါတယ်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဟာ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြန့်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကို နာမည်ပြောင်းပြီး ၁၉၈၈ မှာ ဖွဲ့စည်းခဲ့တာပါ။ ဒီပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ NLD  ပါတီရဲ့ အဓိကပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013