
တရုတ်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံစလုံးက ဒေသတွင်း ခြိမ်းခြောက်မှုတွေ ဖြစ်တယ်လို့ အမေရိကန် တပ်မတော်ရေးရာဝန်ကြီး ဒယ်နီယယ် ဒရစ္စကိုးလ်က တောင်ကိုရီးယားနိုင်ငံ ဖြောင်းတက်မြို့က အမေရိကန်တပ်ဖွဲ့ရဲ့ အဓိက အခြေစိုက်စခန်းဆီ အလည်အပတ်ခရီးမှာ အောက်တိုဘာ ၁ ရက်က ပြောပါတယ်။
တောင်ကိုရီးယားက အမေရိကန်တပ်တွေရဲ့ အဓိက ရည်ရွယ်ချက်က မြောက်ကိုရီးယားလား တရုတ်လားလို့ မေးလို့ ပြန်ဖြေခဲ့တာပါ။
ဝန်ကြီး ဒရစ္စကိုးလ်က “ခြိမ်းခြောက်မှုနှစ်ခုလုံးအတွက် ဆယ်စုနှစ်များစွာကြာအောင် တည်တံ့ခဲ့တဲ့ ဒီမိတ်ဖက် ဆက်ဆံရေးက အလွန်အရေးကြီးပါတယ်။ ကျနော်တို့က တောင်ကိုရီးယားတပ်မတော်ကို မဟာမိတ်တွေအဖြစ် မှီခိုအားထားနိုင်တယ်ဆိုတာ သိပါတယ်” လို့ ပြောပါတယ်။
ဒရုန်းတွေက လူသားတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတခုဖြစ်ပြီး သူတို့ကို ခြေရာခံဖို့ မဟာမိတ်တွေကို အချိန်နဲ့တပြေးညီ သတင်းအချက်အလက်တွေ မျှဝေခြင်းက အရေးကြီးတယ်လို့ ပြောခဲ့ပါတယ်။
အခုထုတ်လုပ်နေတဲ့ ဒရုန်းအရေအတွက်အရ တရုတ်က ၁၃ သန်းလောက် ထုတ်လုပ်နေပြီလို့ ထင်ပါတယ်။
ရုရှက ဒရုန်းစီးရေ ၄ သန်းလောက် ထုတ်ပြီးပါပြီ၊ ဒါဟာ လူသားတွေ ကိုင်တွယ်ဖြေရှင်းရမယ့် အလွန်သစ်လွင်တဲ့ အနေအထားတခုပါပဲလို့ ဒရစ္စကိုးလ်က ဆက်ပြောပါတယ်။
၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲရဲ့ အမွေအနှစ်တခုအဖြစ် နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားကို ဟန့်တားဖို့ ကြိုးပမ်းမှု တစိတ်တပိုင်းအနေနဲ့ အမေရိကန်ဟာ တောင်ကိုရီးယားမှာ တပ်ဖွဲ့ဝင် ၂၈,၅၀၀ လောက်ကို တပ်ချထားပါတယ်။
Source: Reuters