
တရုတ်နိုင်ငံ ကျီလင်းပြည်နယ်တရားရုံးမှာ စက်တင်ဘာ ၂၈ ရက်က စိုက်ပျိုးရေးနဲ့ ကျေးလက် ရေးရာဝန်ကြီးဟောင်း ထန်ရန်းကျန်းကို လာဘ်ပေးလာဘ်ယူမှုနဲ့ သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV သတင်းမှာဖော်ပြပါတယ်။
ထန်ရန်းကျန်းဟာ ၂၀၀၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ရာထူးဌာန အသီးသီးမှာ ယွမ်ငွေ ၂၆၈ သန်း (ဒေါ်လာ ၃၇ ဒသမ၆ သန်း) ကျော်တန်ဖိုးရှိတဲ့ ငွေကြေးနဲ့ပစ္စည်းတွေ အပါအဝင် တစိုးလက်ဆောင် ရယူခဲ့ကြောင်း CCTV က ဖော်ပြပါတယ်။
ထန်ရန်းကျန်းဟာ သူကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို ဝန်ခံခဲ့တာကြောင့် သေဒဏ်ကို ၂ နှစ်ဆိုင်းငံ့ပေးထားကြောင်း ချန်းချွန်း အလယ်အလတ်ဆင့် ပြည်သူ့တရားရုံးက ဆိုပါတယ်။
ထန်ရန်းကျန်းဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စောင့်ကြည့်အဖွဲ့မှ စုံစမ်းစစ်ဆေးမှုခံရအပြီး ၆ လ အကြာမှာ ရာထူး ဖြုတ်ချခံရကာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာတော့ တရုတ်ကွန်မြူနစ်ပါတီမှ သူ့ကို ဖယ်ရှားခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီး လီရှန်းဖှူနဲ့ သူ့အရင် ကာကွယ်ရေးဝန်ကြီးဟောင်း ဝေ့ဖှုန်းဟာတို့ကို စုံစမ်းစစ်ဆေးခဲ့အပြီးမှာ ထန်ရန်းကျန်းကို အလားတူ စုံစမ်းစစ်ဆေးမှုဟာ ထူးထူးခြားခြား မြန်ဆန်ခဲ့ပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ၂၀၂၀ ပြည့်နှစ်မှာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းလုံခြုံရေး ယန္တရားကို စတင်သုတ်သင်ရှင်းလင်းခဲ့ပြီး ရဲတပ်ဖွဲ့၊ အစိုးရရှေ့နေတွေနဲ့ တရားသူကြီးတွေကို "လုံးဝသစ္စာစောင့်သိ၊ လုံးဝသန့်ရှင်းပြီး လုံးဝယုံကြည်စိတ်ချရတယ်" ဆိုတာကို သေချာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။
အကျင့်ပျက်ခြစားမှုဟာ တရုတ်ကွန်မြူနစ်ပါတီအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်ပြီး မြင့်တက်နေဆဲဖြစ်ကြောင်း တရုတ်သမ္မတရှီက ဇန်နဝါရီလမှာ ပြောကြားခဲ့ပါတယ်။
Source: Reuters