Home
မြန်မာသတင်း
ကျားဖြန့်အမှုများဖြင့် ကိုးကန့် မြီမိသားစုဝင် ၁၁ ဦးကို တရုတ်တရားရုံးက သေဒဏ်ချ
DVB
·
September 30, 2025
Photo: XINHUA

တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တဲ့ မြီမိသားစုဝင် ၁၁ ယောက်ကို တရုတ်တရားရုံးက သေဒဏ်ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြပါတယ်။

တခြား မြီမိသားစုဝင်တွေလည်း ရာဇဝတ်မှုတွေအတွက် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ မြီမိသားစုဟာ တရုတ်နယ်စပ် ကိုးကန့်ဒေသကို အုပ်ချုပ်ခဲ့တဲ့ မျိုးနွယ်စုကြီး ၄ ခုထဲက တခုဖြစ်ပါတယ်။

လောက်ကိုင်မြို့ကို လောင်းကစား၊ မူးယစ်ဆေးဝါးနဲ့ ကျားဖြန့်လုပ်ငန်းတွေရဲ့ ဗဟိုချက်မတခု ဖြစ်လာအောင် ပြောင်းလဲခဲ့ရာမှာ ပါဝင်တယ်လို့ စွပ်စွဲခံရသူတွေ ဖြစ်ပါတယ်။

မြီမိသားစုဝင် စုစုပေါင်း ၃၉ ယောက်ကို စက်တင်ဘာ ၂၉ ရက်မှာ တရုတ်နိုင်ငံအရှေ့ပိုင်း ဝမ်ကျိုးမြို့မှာ စီရင်ချက်ချခဲ့တယ်လို့ တရုတ်အစိုးရရုပ်သံ CCTV က ဖော်ပြပါတယ်။

သေဒဏ်ချမှတ်ခံရတဲ့ ၁၁ ယောက်အပြင် နောက်ထပ် ၅ ယောက်ကိုတော့ ၂ နှစ် ဆိုင်းငံ့သေဒဏ်၊ ၁၁ ယောက်ကို တသက်တကျွန်းထောင်ဒဏ်နဲ့ ကျန်တဲ့သူတွေကိုတော့ ထောင်ဒဏ် ၅ နှစ်ကနေ ၂၄ နှစ်အထိ အသီးသီး ချမှတ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက မြီမိသားစုနဲ့ တခြား ရာဇဝတ်ဂိုဏ်းတွေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်း၊ တရားမဝင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေ အပါအဝင် ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြတယ်လို့ တရားရုံးက သုံးသပ်ပါတယ်။

သူတို့ရဲ့ လောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းတွေကနေ ရရှိခဲ့တဲ့ဝင်ငွေဟာ ယွမ်ငွေ ဘီလီယံ ၁၀ ထက်မနည်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ) အထိ ရှိခဲ့တယ်လို့ တရားရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ခန့်မှန်းချက်တွေအရ ဒီမိသားစုကြီး ၄ ခုရဲ့ လောင်းကစားရုံ တခုချင်းစီကနေ တနှစ် တနှစ်ကို အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ငွေကြေးလည်ပတ်နေခဲ့တယ်လို့ ဆိုပါတယ်။

မြီမိသားစုနဲ့ တခြားရာဇဝတ်ဂိုဏ်းတွေဟာ ကျားဖြန့်လုပ်ငန်းခွင်က အလုပ်သမား အတော်များများ သေဆုံးမှုအတွက် တာဝန်ရှိတယ်လို့လည်း တရားရုံးက တွေ့ရှိခဲ့ပါတယ်။

အဲဒီထဲမှာ အလုပ်သမားတွေ တရုတ်နိုင်ငံကို ပြန်မသွားနိုင်အောင် တားဆီးဖို့ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်လည်း ပါဝင်ပါတယ်။

လောက်ကိုင်က လောင်းကစားရုံတွေဟာ တရားမဝင်လောင်းကစားကို ဝါသနာပါတဲ့ တရုတ်ပြည်မနဲ့ အိမ်နီးချင်းနိုင်ငံတွေက တရုတ်လူမျိုးတွေကို ဆွဲဆောင်ဖို့ရည်ရွယ်ပြီး အစပိုင်းမှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ငွေကြေးခဝါချမှု၊ လူကုန်ကူးမှုနဲ့ ကျားဖြန့်လုပ်ငန်းပေါင်းများစွာအတွက် အကျိုးအမြတ်များတဲ့ လုပ်ငန်းတခုအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

အဲဒီနေရာတွေဟာ ကုလသမဂ္ဂက “scamdemic” (ငွေလိမ်ကပ်ဘေး) လို့ သုံးနှုန်းထားတဲ့ လုပ်ငန်းကြီးရဲ့ အဓိကမောင်းနှင်ရာ အင်ဂျင်ခန်းတခုလို သတ်မှတ်ခဲ့ကြပါတယ်။

ကျားဖြန့်စင်တာတွေမှာ  တရုတ်နိုင်ငံသားအများစု အပါအဝင် နိုင်ငံခြားသား ၁ သိန်းကျော် ဖြားယောင်းခေါ်ဆောင်ခံရပြီး ထိန်းသိမ်းခိုင်းစေခံခဲ့ရပါတယ်။

ကမ္ဘာတဝန်းက လူတွေကို ပစ်မှတ်ထားတဲ့ ရှုပ်ထွေးလှတဲ့ အွန်လိုင်းလိမ်လည်မှုတွေကို နာရီနဲ့ချီပြီးတော့ အဓမ္မခိုင်းစေမှုတွေ ရှိခဲ့ပါတယ်။

မြီသားစုဟာ လောက်ကိုင်မှာ အလုပ်သမား အနည်းဆုံး ၁၀,၀၀၀ လောက်ရှိတဲ့ ကျားဖြန့်စခန်းတွေကို ဖွင့်လှစ်လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ နာမည်အဆိုးဆုံးကတော့ “Crouching Tiger Villa” လို့ သိကြတဲ့ နေရာဖြစ်ပြီး အလုပ်သမားတွေကို ပုံမှန်ရိုက်နှက် ညှဉ်းပန်းနှိပ်စက်လေ့ ရှိပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့တွေက ထိုးစစ်ဆင်ခဲ့ရာမှာ ရှမ်းပြည်နယ်ရဲ့ နေရာတော်တော်များများကနေ မြန်မာစစ်တပ်ကို မောင်းထုတ်ပြီးတော့ လောက်ကိုင်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အဲဒီအဖွဲ့တွေအပေါ်မှာ သြဇာလွှမ်းမိုးမှုကြီးမားတဲ့ တရုတ်နိုင်ငံက ဒီထိုးစစ်ကို မီးစိမ်းပြခဲ့တယ်လို့ ယူဆကြပါတယ်။

မိသားစုရဲ့ အကြီးအကဲဖြစ်တဲ့ မြီရှောက်ချန်း ကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ သတင်းတွေထွက်ခဲ့ပြီး တခြားမိသားစုဝင်တွေကိုတော့ တရုတ်အာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့ပါတယ်။ သူတို့ထဲက တချို့ဟာ နောင်တရကြောင်း ဝန်ခံထွက်ဆိုခဲ့ကြပါတယ်။

ကျားဖြန့်စခန်းတွေမှာ အလုပ်လုပ်နေခဲ့တဲ့ လူပေါင်းထောင်နဲ့ချီကိုလည်း တရုတ်ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

ဒီလိုနှိမ်နင်းမှုတွေ ရှိနေပေမဲ့ ကျားဖြန့်လုပ်ငန်းဟာ အခြေအနေနဲ့အညီ လိုက်လျောညီထွေ ပြောင်းလဲသွားခဲ့ပြီး မြန်မာနိုင်ငံမှာ ဆက်ရှိနေသေးသလို လုပ်ငန်းအများစုဟာလည်း ကမ္ဘောဒီးယားနိုင်ငံမှာ ပြောင်းရွှေ့လုပ်ကိုင်နေကြပြီလို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013