
တရုတ်နိုင်ငံတောင်ပိုင်းမှာ တည်ဆောက်ပြီးစီးခဲ့တဲ့ ကမ္ဘာ့အမြင့်ဆုံးတံတားကြီးကို အများပြည်သူ သွားလာနိုင်အောင် စက်တင်ဘာ ၂၈ ရက်က တရားဝင်ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
ဟွာကျောင် အမည်ရ တံတားကြီးဟာ ချောက်ကမ်းပါးတခုနဲ့ မြစ်တစင်းရဲ့ အထက် ၆၂၅ မီတာ၊ ပေအားဖြင့် ၂,၀၅၀ လောက် မြင့်မားတဲ့နေရာမှာ တည်ဆောက်ထားတာပါ။
ဒါကြောင့် ၃ နှစ်ကျော် အချိန်ယူတည်ဆောက်ခဲ့ရတဲ့ ဟွာကျောင် တံတားက ၅၆၅ မီတာအမြင့်နဲ့ ဘိုင်ပန်ကျောင် တံတားကို ကျော်ဖြတ်ပြီး ကမ္ဘာ့အမြင့်ဆုံး ဖြစ်လာခဲ့ပါတယ်။
အခုလိုမျိုး ကမ္ဘာ့အမြင့်ဆုံးတံတား နှစ်စင်းတည်ရှိရာ ကွေကျိုးပြည်နယ်မှာတော့ တောင်ကုန်း တောင်တန်းတွေနဲ့ ပြည့်နှက်နေတယ်ဆိုပြီး ဖော်ပြထားပါတယ်။
ကမ္ဘာ့အမြင့်ဆုံး တံတားအစင်းပေါင်း ၁၀၀ ရဲ့ ထက်ဝက်နီးပါးဟာလည်း အဲဒီပြည်နယ်ထဲမှာတင် တည်ရှိတယ်လို့ ဆင်ဟွာ သတင်းအေဂျင်စီအရ သိရပါတယ်။
ပြည်နယ် သယ်ယူပို့ဆောင်ရေး ဌာနအကြီးအကဲ ကျန်းရင်က “ဟွာကျောင် တောင်ကြားဖြတ် တံတားကြီး ဖွင့်လှစ်လိုက်တဲ့အခါ တဖက်နဲ့တဖက် သွားရမယ့်ကြာချိန်ကို ၂ နာရီကနေ ၂ မိနစ်အထိ လျှော့ချပေးနိုင်ခဲ့တယ်” လို့ မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် ကမ္ဘာ့အမြင့်ဆုံးတံတားရဲ့ ပင်မထောက်တိုင် ၂ ခုကြား အကွာအဝေးဟာ ၁,၄၂၀ မီတာအထိ ရှိတဲ့အလျောက် “တောင်တန်းဒေသမှာ တည်ဆောက်ဖူးသမျှထဲ အကြီးဆုံးတံတားအဖြစ် (Largest Span Bridge)” ပါ စံချိန်တင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း မြေပြင်နဲ့အကွာအဝေး မပါဝင်ဘဲ ဖွဲ့စည်းတည်ဆောက်ပုံ အမြင့်နဲ့သာ ဆုံးဖြတ်မယ် ဆိုရင်တော့ မီယို ဗိုင်းဒက်ဂ် ဆိုတဲ့ ပြင်သစ်တံတားဟာ ၃၄၃ မီတာနဲ့ အမြင့်ဆုံး ဖြစ်ပါတယ်။
မကြာသေးခင် ၁၀ စုနှစ်အတွင်း တရုတ်နိုင်ငံမှာ စီးပွားရေးအရ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပြီး မြို့ပြဖော်ဆောင်မှု များလာတာနဲ့အမျှ ကမ္ဘာ့အဆင့် အခြေခံအဆောက်အအုံ စီမံကိန်းကြီးတွေအတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံလေ့ ရှိပါတယ်။
Source: Reuters