
စူပါတိုင်ဖွန်းမုန်တိုင်း နီးကပ်လာတာကြောင့် တရုတ်နိုင်ငံ ကွမ်တုန်းတောင်ပိုင်းမှာ လူ ၂ သန်းနီးပါး ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ကွမ်တုန်းပြည်နယ်မှာ စက်ရုံတွေများပြီး တောင်ပေါ်ဒေသတွေမှာ မြေပြိုမှုတွေ ဖြစ်ပွားနိုင်တယ်လို့ ဒေသအာဏာပိုင်တွေက သတိပေးထားပါတယ်။
ကွမ်တုန်းမှာ သတိပေးချက်တွေ ထုတ်ထားသလို ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေလည်း ပြုလုပ်နေပါတယ်။
တိုင်ဖွန်းမုန်တိုင်း ရာဂါဆာကြောင့် ထိုင်ဝမ်မှာ လူ ၁၄ ယောက် သေဆုံးခဲ့ပြီး ၁၈ ယောက် ဒဏ်ရာရခဲ့ကာ ၁၂၄ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ရာဂါဆာမုန်တိုင်းဟာ အဆင့် ၅ ရှိ ဟာရီကိန်းမုန်တိုင်း အမျိုးအစားဖြစ်ပြီး ကမ္ဘာပေါ်မှာ တိုက်ခတ်တဲ့ အပြင်းထန်ဆုံးမုန်တိုင်းလည်း ဖြစ်ပါတယ်။
ထိုင်ဝမ်မှာ ဆည်ပြိုကျမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ဂွမ်ဖူးမြို့နယ်ကို ရေ တန် သန်း ၆၀ လွှမ်းမိုး ဖုံးလွှမ်းခဲ့တာ ဖြစ်ပါတယ်။
တမြို့နယ်လုံး ရေလွှမ်းမိုးခဲ့တာကြောင့် ဒေသခံတွေ အဆောက်အဦအမြင့်မှာ တိမ်းရှောင်ခဲ့ရပြီး ကယ်ဆယ်ရေးအဖွဲ့တွေကို စောင့်ဆိုင်းခဲ့ရပါတယ်။
စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံ တောင်ပိုင်းတို့မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။
စူပါတိုင်ဖွန်းမုန်တိုင်းဟာ ထိုင်ဝမ်ကိုဝင်ပြီး ဟောင်ကောင်ကို ဦးတည်နေတာကြောင့် ဟောင်ကောင်မှာ အဆင့် ၁၀ မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ဟောင်ကောင်မှာ ကျောင်းတွေ၊ ရုံးတွေ ပိတ်ထားပြီး လေယာဉ်ခရီးစဉ်ရာချီ ရပ်နားထားပါတယ်။
လေတိုက်နှုန်း ၁ နာရီ ၁၁၈ မိုင်နှုန်းရှိပြီး ရာဂါဆာမုန်တိုင်းဟာ နေ့လယ် ၂ နာရီကနေ ၃ နာရီကြား အင်အားပြင်းထန်ဖွယ် ရှိပါတယ်။
Source:Reuters