ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းက ကျေးရွာတွေကနေ လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ရာဂါဆာကြောင့် ဖိလစ်ပိုင်မှာ လူပေါင်း ၃ ယောက် ထက်မနည်း သေဆုံးခဲ့ပါတယ်။
စက်တင်ဘာ ၂၂ ရက်မှာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ရာဂါဆာမုန်တိုင်း ဖြတ်သန်းတိုက်ခတ်ခဲ့လို့ နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအေဂျင်စီကို အပြည့်အဝသတိရှိဖို့နဲ့ အစိုးရအေဂျင်စီအားလုံး စည်းလုံးကြဖို့ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက လှုံ့ဆော်ခဲ့ပါတယ်။
စူပါတိုင်ဖွန်း ရာဂါဆာဟာ တနင်္လာနေ့မွန်းလွဲပိုင်းမှာ ကာဂါယန်ပြည်နယ်ကနေ ပါနုအိုင်တန် ကျွန်းဆီဝင်ရောက်ခဲ့ပြီး လေတိုက်နှုန်း တနာရီ ၁၃၄ မိုင်နှုန်းနဲ့ တိုက်ခတ်ခဲ့တယ်လို့ ဖိလစ်ပိုင် မိုးလေဝသပညာရှင်တွေက ပြောပါတယ်။
အခုနှစ်အတွင်း ကမ္ဘာ့အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ရာဂါဆာဟာ အင်္ဂါနေ့အစောပိုင်းက တောင်တရုတ်ပင်လယ်ကို ဗဟိုပြုဖြတ်သန်းရင်း တနာရီ ၁၃၇ မိုင်နှုန်းအထိ အင်အားနဲ့တိုက်ခတ်ခဲ့ကာ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ကမ်းရိုးတန်းနဲ့ နီးကပ်လာနေပြီလို့ ဟောင်ကောင် စောင့်ကြည့်လေ့လာရေးဌာနက ပြောပါတယ်။
မုန်တိုင်းဟာ ဟောင်ကောင်၊ တရုတ်ပြည်မကြီးတောင်ပိုင်းနဲ့ ထိုင်ဝမ်တို့ဆီ ရွေ့လျားလာပြီး ရာသီဥတု ဆိုးရွားလာလို့ လူတွေ ပြင်ဆင်နေပါတယ်။
ဟောင်ကောင်မှာ စူပါတိုင်ဖွန်း ရာဂါဆာကို ‘ပြင်းထန်တဲ့ ခြိမ်းခြောက်မှု’ အဖြစ် တာဝန်ရှိသူတွေက သတိပေးထားပြီး သူ့အန္တရာယ်ကို မကြာသေးမီက သမိုင်းမှာ အဖျက်အဆီး အများဆုံး မုန်တိုင်းတချို့နဲ့ နှိုင်းယှဉ်ထားပါတယ်။
ဟောင်ကောင်လေဆိပ်ကို ဆက်ဖွင့်လှစ်ထားမှာဖြစ်ပြီး အင်္ဂါနေ့ညနေ ၆ နာရီကနေ နောက်နေ့အထိ “လေယာဉ်ပျံသန်းမှုဆိုင်ရာ သိသာတဲ့ အနှောင့်အယှက်တွေ” ရှိလာမယ်လို့ လေဆိပ် အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
ကာသေ့ပစိဖိတ်လေကြောင်းလိုင်းက လေကြောင်းခရီးစဉ် ၅၀၀ ကျော်ကို ဖျက်သိမ်းဖို့ မျှော်လင့်ထားပါတယ်။
“မုန်တိုင်းရဲ့ အချင်းဝက်က မိုင် ၂၀၀ လောက် ကျယ်ပါတယ်။ တိုင်ဖွန်းရဲ့ ဗဟိုချက်ကနေ အကွာအဝေးတခုမှာ ရှိနေပေမဲ့ ကျယ်ပြောလှတဲ့ လေတိုက်နှုန်းနဲ့ အပြင်ဘက် လေပွေ လှည့်ပတ်မှုတွေဟာ ထိုင်ဝမ်ရဲ့ အစိတ်အပိုင်းတွေကို ထိခိုက်နေပြီ"လို့လည်း ဟောင်ကောင် မိုးလေဝသဌာနက ပြောပါတယ်။
Source: Reuters