
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ တရုတ်ကုန်စည်တွေအပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မယ်ဆိုတဲ့ နောက်ဆုံးခြိမ်းခြောက်မှုအရ စံနှစ်မျိုးနဲ့ ခွဲခြားဆက်ဆံနေတယ် ဆိုပြီး ပေကျင်းက ဝါရှင်တန်ကို စွပ်စွဲလိုက်ပါတယ်။
တကယ်လို့သာ အမေရိကန်သမ္မတရဲ့ ခြိမ်းခြောက်မှုအတိုင်း အကောင်အထည်ဖော်လာခဲ့ရင် တရုတ်နိုင်ငံဘက်က တန်ပြန်အရေးယူသွားမယ်လို့ ဆိုပါတယ်။
ဒါဟာ မြေရှားသတ္တုတင်ပို့ရေး စည်းမျဉ်းစည်းကမ်းတွေ တင်းကျပ်သွားမယ့် ပေကျင်းအစိုးရရဲ့ လုပ်ရပ်ကို စည်းကြပ်ခွန်နဲ့ တုံ့ပြန်မယ်ဆိုပြီး ထရမ့်ပ်က သတိပေးထားတာပါ။
ဒါ့အပြင် တရုတ်ဘက်က အရမ်းရန်လိုလာခဲ့သလို ကမ္ဘာကြီးကိုလည်း ချုပ်ကိုင်နိုင်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီး ဖြည့်စွက် ပြောပါတယ်။
လွန်ခဲ့တဲ့အပတ်အတွင်း စမတ်ဖုန်း၊ ဆိုလာပြားနဲ့ လျှပ်စစ်ကား စတဲ့ နည်းပညာမြင့်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အရေးပါတဲ့ မြေရှားသတ္တု အပါအဝင် တခြားပို့ကုန်တွေအထိ တင်းကျပ်ဖို့ရှိကြောင်း ပေကျင်း အစိုးရအနေနဲ့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်က မြေရှားသတ္တု ၉၀ ရာခိုင်နှုန်းလောက်ကို တရုတ်ပြည်မှာသာ သန့်စင်ပြီး ထုတ်လုပ်နေတာ ဖြစ်တဲ့အလျောက် အခုလိုမျိုး စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
အဲဒီနောက် ထရမ့်ပ်က ‘တရုတ်နဲ့ကိစ္စအတွက် စိတ်မပူပါနဲ့၊ အားလုံး အဆင်ပြေသွားပါလိမ့်မယ်’ လို့ ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားခဲ့ပေမဲ့လည်း တဖက်မှာတော့ ကုန်သွယ်ရေးစစ်ပွဲ ပြန်ဖြစ်နိုင်ခြေ မြင့်မားလာတာကို တွေ့ရပါတယ်။
“အများလေးစားရတဲ့ သမ္မတ ရှီဟာ မလိုလားအပ်တဲ့ အခြေအနေတခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူ့နိုင်ငံအတွက် စီးပွားရေးပျက်ကပ်ဖြစ်မှာ မလိုလားသလို ကျနော်ဆိုရင်လည်း မလိုချင်ပါဘူး။ အမေရိကန်က တရုတ်ကို ကူညီချင်တာပါ၊ ထိခိုက်အောင် မလုပ်ချင်ပါဘူး” ဆိုပြီး ထရမ့်ပ်ရဲ့ပို့စ်မှာ ဖော်ပြထားပါတယ်။
တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ တယောက်ကတော့ ‘အခွန်စစ်ပွဲဆိုင်ရာ ရပ်တည်ချက်ဟာ အမြဲတသမတ်တည်း ရှိခဲ့ပါတယ်။ ကျနော်တို့ ဒါကို မလိုလားပါဘူး။ ဒါပေမဲ့ ဖြစ်လာရင်လည်း ကြောက်နေမှာမဟုတ်ပါဘူး” လို့ မှတ်ချက်ပြုပါတယ်။
အခုလိုမျိုး နှစ်နိုင်ငံကြား အပြန်အလှန် ပြောဆိုနေမှုဟာ ကုန်သွယ်ရေးဆွေးနွေးပွဲ အသစ်တွေ ကျင်းပတဲ့အခါ ကိုယ့်ဘက်က ရပ်တည်ချက်ကို အသာစီးရအောင် လုပ်ဆောင်တာမျိုး ဖြစ်တဲ့အကြောင်း လေ့လာသူတွေအနေနဲ့ သုံးသပ်ထားပါတယ်။
ဒါကြောင့် အခုလနှောင်းပိုင်း တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပသွားမယ့် APEC ထိပ်သီးအစည်းအဝေးအတွင်း ထရမ့်ပ်နဲ့ ရှီကြား တွေ့ဆုံဖို့ရှိတဲ့ကိစ္စဟာလည်း မရေမရာ ဖြစ်လာခဲ့ပါတယ်။
Source: Reuters




