
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းစစ်ပွဲကို အဆုံးမသတ်ဘူးဆိုရင် ယူကရိန်းအစိုးရ သုံးနိုင်တဲ့ တာဝေးပစ် တိုမာဟော့ခ် ဒုံးကျည်တွေကို ကမ်းလှမ်းနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အောက်တိုဘာ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။
သူနဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးတို့ဟာ တိုမာဟော့ခ် အပါအဝင် ဇလန်းစကီးရဲ့ လက်နက်ဆိုင်ရာ တောင်းဆိုချက်ကို ဆွေးနွေးခဲ့တဲ့အကြောင်း ထရမ့်ပ်က သတင်းထောက်တွေကို အစ္စရေးဆီ အဲရ်ဖို့စ်ဝမ်း လေယာဉ်နဲ့ သွားနေချိန်မှာ ပြောခဲ့တာပါ။
“ယူကရိန်းက တိုမာဟော့ခ် ပိုင်ချင်တယ်၊ ဒါက ခြေလှမ်းတရပ်ပါ၊ တကယ်လို့ စစ်ပွဲက မပြေလည်ရင် ကျနော်တို့ ကောင်းကောင်းလုပ်နိုင်မှာပါ” လို့ ထရမ့်ပ်က ဆက်ပြောပါတယ်။
ယူကရိန်းအစိုးရရဲ့ လေကြောင်းရန်ကာကွယ်ရေး၊ စွမ်းအင်နဲ့ တာဝေးပစ်တိုက်ခိုက်မှု စွမ်းရည်တွေ အားကောင်းလာစေဖို့ နှစ်ရက်အတွင်း ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁၂ ရက်က ဇလန်းစကီးဟာ ထရမ့်ပ်ကို တယ်လီဖုန်းနဲ့ တောင်းဆိုခဲ့တာပါ။
ယူကရိန်းကို တိုမာဟော့ခ်ဒုံးကျည်တွေ ထောက်ပံ့ပေးနိုင်ချေအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်မိတယ်လို့ ရုရှားက အောက်တိုဘာ ၁၂ ရက်မှာ ပြောခဲ့ပြီး စစ်ပွဲဟာ ဘက်ပေါင်းစုံ ပြင်းထန်တဲ့ အခိုက်အတန့်ဆီ ရောက်သွားပြီလို့ သတိပေးခဲ့ပါတယ်။
တိုမာဟော့ခ် ဒုံးကျည်နဲ့ ပတ်သက်ပြီး ရုရှားရဲ့ စိုးရိမ်ပူပန်မှုဟာ ရုရှားအစိုးရကို ငြိမ်းချမ်းရေးဆီ တွန်းပို့ရာတဲ့ ဖိအားအဖြစ် ထိရောက်မှုရှိကြောင်း ပြနေတယ်လို့ ဇလန်းစကီးက ပြောပါတယ်။
တိုမာဟော့ခ်ကို ထောက်ပံ့ပေးဖို့ သဘောမတူမီ စစ်ပွဲကို အရှိန်မမြှင့်ချင်လို့ ယူကရိန်းက ဘယ်လိုလုပ်မလဲဆိုတာ သိချင်တယ်လို့ ထရမ့်ပ်က အခုသီတင်းပတ် အစောပိုင်းမှာ ပြောခဲ့ပါတယ်။
Source: Reuters




