လယ်သမားတပ်၊ ဖွဲ့စည်းအပ်၍
တိုင်းရပ်ပြည်ခြား၊ မိစ္ဆာများအား
စွန့်စားတော်လှန်၊ ဆရာစံကား
ဖွားမြင်ခဲ့တာ၊ အောက်တိုဘာ ၂၄
၁၄၉ နှစ် ဖြစ်ပါပြီတကား။ ။
သမိုင်းကို ပြန်ကြည့်တော့ အောက်တိုဘာလ ၂၄ ရက် ၁၈၇၆ ခုနှစ်မှာ လယ်သမားတော်လှန်ရေး ခေါင်းဆောင် ဂဠုန်ဆရာစံကို မွေးခဲ့တယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်က ၁၄၉ နှစ်ရှိပါပြီ။ မြန်မာပြည်သား လယ်ယာလုပ်သား ပြည်သူတွေအတွက် အာဏာပိုင်တွေရဲ့ ထောင်ကြိုးစင်ကို ဆရာစံက ရဲရဲကြီးတက်သွားခဲ့တယ်။ ရင်ဆိုင်သွားခဲ့တယ်။ ဘဝအဆက်ဆက် ဖိနှိပ်သူတွေကို တိုက်ပွဲ၀င် ချေမှုန်းရသူ ဖြစ်ပါစေသားလို့ သစ္စာဆိုသွားခဲ့တယ်။ သမိုင်းမှာတော့ နေမဝင် အင်ပါယာကြီးကို ဓားလှံ လက်နက်လောက်နဲ့ မြင့်မိုရ်တောင်ကို ဆီးစေ့နဲ့ ပေါက်ခဲ့ကြတယ်လို့ ရှုတ်ချခဲ့ကြသူတွေလည်း ရှိခဲ့ကြပါတယ်။ ရှေးရိုးစွဲ မင်းလောင်းမျှော်ဝါဒနဲ့ ဓားပြီးဆေး သေနတ်ပြီးဆေး အင်း အိုင် လက်ဖွဲ့တွေသုံးပြီး စစ်တိုက်ခဲ့ကြလို့ ဆရာစံ ဂဠုန် လယ်သမား သူပုန်ကြီးဟာ ကျဆုံးခဲ့ရတယ်လို့ ပြောကြတာလည်း ရှိပါတယ်။ ဒါပေမဲ့လည်း ဖိနှိပ်အုပ်ချုပ်သူကို အနိုင်ကျင့် ဗိုလ်ကျနေသူတွေကို အားမမျှပေမဲ့ ရရာလက်နက် ဆွဲပြီး ပြန်ချရမယ်ဆိုတဲ့ အတွေးအခေါ် တရပ်ဟာ ဆရာစံ တော်လှန်ရေးကနေ ပေါ်ပေါက်လာတာပဲ မဟုတ်ပါလား။ နယ်ချဲ့တော်လှန်ရေး ဖက်ဆစ်တော်လှန်ရေး နွေဦးတော်လှန်ရေးအထိလည်း ကူးစက်လာတာ မဟုတ်လား။
တောင်သူလယ်သမား အရေးတော်ပုံခေါင်းဆောင် ဆရာစံ
၁၉၃၀ ပြည့်နှစ်က စတင်ခဲ့တဲ့ တောင်သူလယ်သမား အရေးတော်ပုံခေါင်းဆောင် ဆရာစံကို ၁၈၇၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ ရွှေဘိုခရိုင်၊ သရက်ကန်အရှေ့ရွာမှာ မွေးဖွားခဲ့ပါတယ်။ ဖခင် ဦးကျေး၊ မိခင် ဒေါ်ဖက် ဖြစ်ပြီး မောင်နှမ ၅ ယောက်ရှိရာမှာ အငယ်ဆုံး ဖြစ်တယ်။ မြန်မာလူမျိုးဖြစ်ပြီး ဆရာစံရဲ့ အမည်တမျိုးက ဦးရာကျော် ဖြစ်တယ်။ ဦးရာကြူး၊ ဦးရာဒန်၊ ဒေါ်အေးမြင့်၊ ဒေါ်အေးဆင့်တို့ဟာ မွေးချင်းတွေပေါ့။ ဆရာစံဟာ တိုင်းရင်းဆေးဆရာအဖြစ် အောက်ပြည်မှာ လှည့်လည်ဆေးကုရင်း အဲဒီအချိန်က အမျိုးသားရေးကိုယ်စားပြု ဂျီစီဘီအေ အသင်းမှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အင်္ဂလိပ်လက်အောက် တောင်သူလယ်သမားတွေ ဆင်းရဲတွင်းနက်နေတဲ့ဘဝကို မခံမရပ်နိုင်တဲ့အတွက် ၁၉၃၀ ပြည့်နှစ် အောက်တိုဘာလ ၂၆ ရက်နေ့မှာ သာယာဝတီခရိုင် အင်းရွာ မကျည်းကုန်း ဘုန်းကြီးကျောင်းမှာ ဂဠုန်တပ်ဖွဲ့တွေကို စတင်ဖွဲ့စည်းပြီး အင်္ဂလိပ်ကို လက်နက်ကိုင် စတင်တိုက်ခိုက်ခဲ့ပါတယ်။ ဆရာစံကို အင်္ဂလိပ်အစိုးရက ဖမ်းမိခဲ့ပြီး ၁၉၃၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ သာယာဝတီထောင်မှာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။
ဆရာစံ အာဇာနည် သာယာဝတီ ဂဠုန်ဘွဲ့ လေးချိုးကြီး
(၁)
သြော် … ဘာမဟုတ်၊ ညာမဟုတ်၊ မြန်မာ မနုဿတွေမှာဖြင့်၊
မဟာဒုက္ခ … မဟာဒုက္ခဟဲ့ …
ဇရာဒုဗ္ဗလအရွယ်၊ အသွမ်းမသွေးသင့်တဲ့၊
နှုတ်ခမ်းမွှေး အမြင်မဟုတ်တာတောင်မှ၊
ဆရာဥက္ကဋ္ဌမကွယ်၊ ကြငှန်းဆွေးသော်လည်း၊
ဘန်းနံဘေး၊ ရှင်ဘုရင်လုပ်ရပါတော့၊
ကမ္မဌာန်းပေး၊ အသွင်သရုပ်ကယ်နှင့်၊ နုပ်သမို့ မကောင်းပါလေ၊
သြ … မန္တလေးခင်တုတ်တို့နှင့် ကျုပ်တို့အကြောင်းပေ။
(၂)
သြော် … မြန်မာပြည်တဝှမ်းတွင်ဖြင့်၊
သာယာဝတီစခန်းဆီက၊
အာဇာနည်အစွမ်းတွေ၊ ဟိုအရင်ယမန်က၊
ဗဟိုပလ္လင်ပျံမှာ၊ သမ္မတ မတိမ်းအောင်လို့တဲ့၊
ဗိုလ်ဝင်ခံကာ၊ မြန်မာ့ကိန်းတွေနှင့်၊
“မြစိမ်း” တောင်ညိုညိုက၊
ချောင်ခိုကာ အောင်ဗဟိုရွမ်းလိမ့်မတဲ့၊
ထွန်းလှဲ့ခေါင် ပရမေ ပေနော်ကွယ်၊
အစွန်းမနွဲ့၊ အညွှန်းတဲ့နေကြ၊
သြ … လွမ်းဘွဲ့အောင်မြေ။
(၃)
ယင်းအတိတ်အခါမှာ၊ မြန်မာတသတ်ပေမို့၊
အင်္ဂလိပ်စာ တဘာသာ မတတ်ထာကြောင့်၊
နဝင်းဟိတ်အလာ၊ ယတြာဓာတ်တွေနှင့်၊
သြော် … အာဏာပါဏာကပ်တွင်မှ၊
ဘာမမှတ် ညာမမှတ်၊ ပုန်ကန်ပလေ၊
ဘုံပြန်သပြေမှာဖြင့်၊ တြွင်းနဝင်းကြေမလော၊
အိုကွယ် … ဂဠုန်အလံတွေနှင့်၊ တနင်္ဂနွေသဘော။
(၄)
ရတတ်ကယ်လှိုင်၊
နှစ်ဘက်အတူပြိုင်လို့၊
ဇမ္ဗူတပိုင် ကမ္ဘာမှာ မုန်းကြစို့ရဲ့လို့၊
သူအနိုင် ငါအရှုံးသာပ၊
သမ္ဘာစက် “ဗုံး” အမူအရာမှာ၊ မတူသာ တူသာနှင့်၊
အာဏာလက်ရုံး ထူကာ ထူကာနှင့်၊
ဘယ်သူ သာမသာကို၊ ခေတ်အလိုက် ပြုံးရမလိုနှင့်၊
နှစ်ဗျူဟာ စစ်တိုက်တုန်းတွင်မှ၊
ဓမ္မရာဇ် ယမိုက်ဘုန်းတော် အသရေဂုဏ်နှင့်၊
ရေယမုန်သောင်ငွေကမင်းတွင်မှ၊
ရွှေဒဂုန်အောင်မြေစခန်းပေပ၊
တောင်ခြေဗဟန်းသူ၊ သပိတ်အမကလေးတွေမဖြင့်၊
ထိတ်စရာ့ အရေးပုံမှာ ဗျာပါလျှံဖို့လို့၊
မဟာဆန်ဆန် အထပ်ထပ်သော အချွန်းတွေ အမွှန်းတွေနဲ့၊
သာလာယံဇရပ်ကွန်းတွင်မှ၊
နတ်ညွှန်းသိုက်စာ အလိုက်ဘာသာ ကျသလိုပ၊
သြော် … ဆရာမကင်းသူက၊ မြန်မာအချင်းချင်းတွေ ဂါထာနှင်းမပေါ့လို့၊
သာကွင်းအပြီး နီးစရာကို၊ ဗြဟ္မာမင်းကြီးပဲလာလို့ ချရော့သလား၊
သာမျှို့အရကို အစုံဖန်ပေါ့၊
ရဂုံ “စံ” ချစ်စရာ တပည့်တို့မှာဖြင့်၊
“ဥုံ အရဟံ” သစ္စာကတိတွေနှင့်
“ဂဠုန် သရဏံ ဂစ္ဆာမိ” ကြပေတော့၊
အမယ်မင်း … အပြစ်ဘယာ မထိစေချင်တဲ့ ဖဏိတ စေတနာ မနောတွင်မှ၊
ရှိရှိသမျှ အဝေရာ သဘောပါကွဲ့၊
သြော် … ခေတ်အခါကြီး၊ ပြည်ရွာတစ်ကျောကိုဖြင့် …
ရှစ်ခါတိတိ ဖြစ်မှာ သိသိပြီး၊
အို … မယ်စန္ဒာရဲ့၊
မေတ္တာရှိတာကြောင့် ကဝိက သေသေချာချာဟော။ ။
(ဆရာကြီး သခင်ကိုယ်တော်မှိုင်း)
အထက်ပါ လေးချိုးကြီးအပြင် ဆရာစံ ဂုဏ်ပြုကဗျာတွေ များစွာရှိပါတယ်။ ဆရာစံရဲ့ ဂဠုန်တပ် တိုက်ပွဲတွေ အကြောင်းလည်း စာတွေဖွဲ့ကြ၊ ဝတ္တုတွေဖွဲ့ကြနဲ့ များလှပါပြီ၊ ဒီနှစ် ဂဠုန်ဆရာစံရဲ့ ၁၄၉ နှစ်ပြည့်မှာ သူ့ရဲ့ နောက်ဆုံးအချိန် ကြိုးစင်အတက်မှာတောင် မတုန်မလှုပ် သူရသတ္တိနဲ့ အာဇာနည် ပီပီသသ ရှိသွားခဲ့တာကို တင်ပြလိုတာပါ။
၁၉၃၀ ပြည့်နှစ် တောင်သူလယ်သမားအရေးတော်ပုံကြီးမှာ ဗြိတိသျှအစိုးရ အစီရင်ခံစာအရ-၁၉၂၉ – ၃၀ မှာ ကြိုးဒဏ်ခံရသူပေါင်း ၇၆ ယောက် တသက်တကျွန်းပြစ်ဒဏ်ခံရသူပေါင်း ၂၁၈ ယောက်ရှိခဲ့ပြီး ၁၉၃၀ – ၃၁ မှာ ကြိုးဒဏ်ကျခံရသူပေါင်း ၁၄၄ ယောက်၊ တသက်တကျွန်းကျခံရသူ ၁၈၆ ယောက် ၁၉၃၁ -၃၂ မှာ ကြိုးဒဏ်ကျခံရသူပေါင်း ၁၁၂ ယောက်၊ တသက်တကျွန်းပြစ်ဒဏ်ခံရသူပေါင်း ၄၈၆ ယောက်ရှိခဲ့တယ်လိုဖော်ပြထားတယ်။ ဆရာစံရဲ့ တောင်သူလယ်သမားအရေးတော်ပုံကြီး အရေးနိမ့်ခဲ့ရတာဟာ လက်နက်အင်အား မညီမျှတာ၊ ဝါဒရေးရာ ခေတ်မီတဲ့ သဘောတရား မရှိတာ နိုင်ငံရေးပါတီကြီး တခုခုက ဦးဆောင်မှု မရှိခဲ့တာ၊ ပြည်သူတရပ်လုံးကို စည်းရုံးနိုင်စွမ်းမရှိပဲ လယ်သမား လူတန်းစား သက်သက်ကသာ ပါဝင်ခဲ့ကြတာတွေကြောင့်ဖြစ်တယ်လို့ သမိုင်းသုတေသီတွေက သုံးသပ်ခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဆရာစံကတော့ သူ့ကြိုးစင်အတက်ကို မတုန်လှုပ်ခဲ့ပါဘူး။
ကြိုးစင်မကြောက်၊ ကျွန်သဘောက်မှ
လွတ်မြောက်ရာလမ်း၊ သူလျှောက်လှမ်းရ
နောင်တမဖက်၊ ဘဝဆက်တိုင်း
နယ်ချဲ့ရိုင်းတွေ၊ နိုင်ရစေကြောင်း
သူဆုတောင်းခဲ့ပေတကား။ ။
၁၉၃၁ ဩဂုတ် ၂ ရက်မှာ ဆရာစံကို နောင်ချိုမြို့ မြောက်ဘက် သုံးဆယ်နယ်၊ ကုလားကွဲခရိုင် ဟိုခိုနောင်ကွမ်းရွာနားမှာ အင်္ဂလိပ် ပုလိပ်တပ်တွေက ဖမ်းဆီးရမိသွားခဲ့တယ်။ ဩဂုတ်လ ၄ ရက်နေ့မှာ ဆရာစံကို နောင်ချိုအချုပ်ထောင်ကိုပို့ပြီး အဲ့သည်ကတဆင့် ဩဂုတ် ၁၄ ရက်နေ့ သာယာဝတီထောင် ရောက်တယ်။၁၉၃၁ ဩဂုတ် ၂၈ ရက်နေ့ ဆရာစံကို သေဒဏ်အမိန့်ချမှတ်လိုက်တယ်။
စာဆိုကြီး ဦးပုညကဲ့သို့ နောက်ဆုံးကဗျာ ရေးသွားခဲ့သူ ဆရာစံ
တောင်သူလယ်သမားအရေးတော်ပုံခေါင်းဆောင်ကြီး အာဇာနည် သုပဏ္ဏက ဂဠုနရာဇာဘွဲ့ခံ ဆရာစံကို သာယာဝတီထောင်မှာ ၁၉၃၁ နိုဝင်ဘာလ ၂၈ ရက် စနေနေ့ မနက် ၅ နာရီ ၄၅ မိနစ်ခန့်က ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ (မှတ်ချက်။ အင်္ဂလိပ်အစိုးရက ဆရာစံကို ကြိုးပေးရက်သတ်မှတ် ကြိုးပေးပြီးမှတ်တမ်းတွေ တိတိကျကျ ထားရှိပြီး ကြေညာပေးပါတယ်။ အခု မအလတို့ ဇော်မဲလုံးတို့လို ကိုဂျင်မီ ကိုဇေယျာသော်တို့ကို ခိုးကြောင်ခိုးဝှက် ကြိတ်သတ်ပြီးမှ မတိမကျ မရေမရာ သတင်းစာမှာ ယောင်ဝါးဝါး ကြေညာတာမျိုး မဟုတ်ပါ။)
ကြိုးပေးခံရခါနီး ဆရာစံက ကဗျာလင်္ကာ (၄) ပိုဒ်ကို ဖွဲ့ဆိုခဲ့သေးပါတယ်။
(၁) မည်သူမည်ဝါ၊ ဤကမ္ဘာတွင်
ခန္ဓာခိုင်စွဲ၊ မမြဲမှတ်ရာ
လူတံထွာတည်း။
(၂) မီးတဆယ့်တစ်၊ ငြိမ်းရဖြစ်သော
စစ်စစ်ဧကန်၊ ပြည်နိဗ္ဗာန်သို့
အမြန်ထုတ်ခြောက်၊ မရောက်ရသေး
လူတဝေးတို့၊ သေဘေးတွေ့
ဖြစ်လာအမှန်၊ ပျက်မြဲပြန်တည်း။
(၃) ကြောက်သွေးဟူ၍၊ နှမ်းတစ်စေ့မျှ
မဝှေ့စိတ်ထဲ၊ ရိပ်မဝဲတည့်၊
အမြဲမတည်၊ လူဟူသည်ကား
မရှည်အသက်၊ ကြားနေပျက်ကို
ပြက်ပြက်ထင်ထင်၊ ငါ့အမြင်တည်း။
(၄) ထက်အောက် မြန်မာ၊ လူတကာတို့
ဆရာခေါ်ဆို၊ ငါ့ဂုဏ်လိုလျှင်
ကြူးပို့သည့်ရုံး၊ ဘယ်သို့ကုံးလည်း
အဆုံးဆိုရေး၊ ကြိုးဒဏ်ဘေးနှင့်
ဝေးရမည်တည်း။ ။
ဆရာစံကို ကြိုးစင်တင် သတ်စဉ်က သာယာဝတီထောင်မှူးကလေးအဖြစ်ဆောင်ရွက်ခဲ့တဲ့ အငြိမ်းစားထောင်ပိုင်ဝန် ဦးစိန်က သူ၏ မျက်မြင်ကိုယ်တွေ့အဖြစ်အပျက်ကို အခုလို ပြောပြခဲ့ပါတယ်။
“မနက်ဖြန် ကြိုးပေးတော့မယ်ဆိုတော့ အခုလိုညမှာ ဆရာစံကို ကျနော်တို့ ကြိုးစင်အနီးမှာရှိတဲ့ ကြိုးတိုက် (အခုသီးခြားတိုက်) ကို ပြောင်းထားလိုက်ပါတယ်။ အဲဒီညမှာ ဆရာစံဟာ ကောင်းကောင်းအိပ်ပါတယ်။ (မှတ်ချက်။ ။ မနက်ကြိုးပေးခံရတော့မယ့် သူတွေဟာ ညအိပ်မပျော်ကြသူတွေက များတတ်ပါတယ်။ ) ဆရာစံအရင် သူပုန်အမှုနဲ့ ကြိုးပေးတဲ့ လူပေါင်းဟာ သာယာဝတီထောင်ထဲမှာ ၁၀၀ အတွင်းမှာရှိပါတယ်။ တရားခံကြိုးပေးတော့ ကျနော်အနားမှာ ရှိပါတယ်။ ကျနော်နဲ့ဆိုရင် နှစ်တောင်လောက်ပဲဝေးပါတယ်။ ဆရာစံကြိုးပေးတဲ့နေရာကတော့ အခုလက်ရှိသာယာဝတီထောင်က ကြိုးစင်အဟောင်းပါပဲ။ အခုထက်ထိ ရှိပါသေးတယ်။ ပြောင်းလဲမှုမရှိပါဘူး။ ကြိုးသမားတက်လိုက်လို့ရှိရင် နှစ်စင်ရှိတဲ့အနက် ဝဲဘက်ကစင်ဖြစ်ပါတယ်။ ကြိုးပေးတဲ့နေ့က ဒုတိယကအရေးပိုင်ဖြစ်တဲ့ ဦးကျော်ကိုယ်တိုင်တက်ရောက်ပါတယ်။ လက်ပံတန်းက မြူနီစပါယ်လူကြီးများ၊ အထူး အာဏာရတရားသူကြီးများ၊ သုံးဆယ်က သူကြီးများ၊ တခြားထင်ရှားသူ ၂၀လောက် ရှိပါလိမ့်မယ်။
အချိန်တော့ မနက် ၅ နာရီ ၄၅မိနစ်လောက် ရှိပါလိမ့်မယ်။ အကျဉ်းသားနှစ်ယောက် ကြိုးတိုက်က ဆရာစံကို ထုတ်ရပါတယ်။ တယောက်က ကြိုးတုပ်အင်္ကျီခေါ်တဲ့ တိုက်ထုတ်အင်္ကျီကို ဝတ်ပေးပြီးတော့ လက်ထိပ်ကို နောက်ပြန်ခတ်ပြီး တံတောင်ဆစ်ကွေးကနေပြီးတော့ နောက်ပြန်ကြိုးချည်လိုက်ပါတယ်။
ဆရာစံက “အမျိုးဘာသာ၊ သာသနာ၊ ပညာကြီးပွားရာ ကြီးပွားကြောင်းဆောင်ရွက်လို့ အခုလိုကြုံတွေ့ရတာပဲ၊ သုခလို့ မှတ်ပါတယ်၊ ဖယ်ပေးကြ၊ ငါ့ဟာငါတက်မယ်” ဆိုပြီး အကျဉ်းသားနှစ်ယောက်ကို ဖယ်လိုက်ပြီး တွန်းပစ်လိုက်ပါတယ်။ ပြီးတော့ သူ့ဟာသူ တက်သွားပါတယ်။ ဒါပေမဲ့ အကျဉ်းသားနှစ်ယောက်ကတော့ အနားက ဖေးဖေးမမ ခေါ်သွားတာပဲ။ ခေါ်သွားတဲ့အခါကျတော့ ကြိုးစင်ပေါ် လည်းရောက်ရော အနားမှာရှိတဲ့ဧည့်သည်တွေကို နှုတ်ဆက်သွားတယ်။ “သွားပြီ” တဲ့။ “ဖြစ်လေရာဘဝမှာ အင်္ဂလိပ်ကို အနိုင်ရတဲ့ကိုယ် ဖြစ်ပါစေ” လို့ဆိုပြီး ဆုတောင်းသွားပါတယ်ဗျာ။
ဆရာစံရဲ့ နောက်ဆုံးအချိန် ပြောသွားတဲ့စကားတွေဟာ မဆလ ဦးနေဝင်းက မတရား သတ်ဖြတ်လိုက်တဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးစင်တက်ချိန် ပြောသွားတာတွေနဲ့တူပါတယ်။ ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက် ကြိုးပေးစဉ်က ဆလိုင်းတင်မောင်ဦးက . . .
"ငါတော့ သွားပြီး မင်းတို့ စစ်အာဏာရှင်ကို ဆက်တိုက်ကြ။ "
"မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး"
"ငါ့ကို သတ်လို့ရရင်ရမယ်။ ငါ့ခံယူချက်နဲ့ ငါ့စိတ်ဓာတ်ကို သတ်လို့ မရဘူး။" ဆိုတဲ့စကားတွေ ပြောခဲ့ပါတယ်။
(ဆရာစံအား ဂုဏ်ပြုခြင်း)
တောင်သူလယ်သမားနေ့ကို စစ်တပ်က မတရားဗိုလ်ကျ အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ကို သတ်မှတ်ထားတာဟာ မသင့်တော်ပါဘူး။ လက်ရှိ ကျင်းပနေတဲ့ မြန်မာပြည်ရဲ့ တောင်သူလယ်သမားနေ့ဟာ လယ်သမားတွေကို မလေးစား စော်ကားသလို ဖြစ်နေပါတယ်။ တကယ်က ဆရာစံရဲ့မွေးနေ့ အောက်တိုဘာလ ၂၄ ရက် (သို့မဟုတ်) ဆရာစံရဲ့ လယ်သမားတော်လှန်ရေး စတင်တဲ့ ဖားရွှေကျော်ရွာ တိုက်ပွဲနေ့တွေကို သတ်မှတ်သင့်ပါတယ်။
ဆရာစံပုံပါ ငွေစက္ကူ

၁၉၈၀ ပြည့်တွေတဝိုက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မဆလခေတ်က ဆရာစံပုံပါတဲ့ ၉၀ ကျပ်တန်နဲ့ ၄၅ ကျပ်တန် ငွေစက္ကူတွေ ရိုက်နှိပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ တကယ်မလေးစားလို့လားမသိ ဒီငွေစက္ကူတွေဟာ နောက်ပိုင်းမှာ မရှိကြတော့ပါ။ မဆလ ဥက္ကဋ္ဌကြီး ဦးနေဝင်းက ဗေဒင်ယတြာအတွက် ထုတ်ခဲ့တာဆိုတဲ့ အဲဒီ ၄၅ နဲ့ ၉၀ တန်တွေဟာ အခုချိန်မှာတော့ မတွေ့ကြရတော့ပါဘူး။ တကယ်တန်းသာ တောင်သူလယ်သမားတွေကို အလေးထားလေးစားရင် ဂဠုန်ဆရာစံကို ဂုဏ်ပြုချင်ရင် ဆရာစံပုံပါ ငွေစက္ကူတွေဟာ မပျောက်ကွယ် သွားသင့်ပါဘူး။
ဆရာစံ လယ်သမားတော်လှန်ရေးနဲ့ နွေဦးတော်လှန်ရေး
ဆရာစံ လယ်သမားအရေးတော်ပုံ ဖြစ်ပွားတာ ၉၅ နှစ် ပြည့်ခဲ့ပြီ။ ဆရာစံတော်လှန်ရေးကို မင်းလောင်းဝါဒလို့ နယ်ချဲ့အုပ်စိုးသူက ဆိုခဲ့တာပါ။ မင်းလောင်းမောင်သန့်၊ ဗန္ဓကရသေ့တို့လို သီပေါ ပါတော်မူပြီးချိန် ဗြိတိသျှကို ပုန်ကန်ထကြွခဲ့ကြတဲ့ ပုန်ကန်သူ ခေါင်းဆောင်တွေထဲမှာ ခေတ်ဟောင်း ပဒေသရာဇ် နိုင်ငံရေးနည်းတွေနဲ့ တိုက်ခိုက်ခဲ့ကြသလိုမျိုး ဆရာစံဟာလည်း မြန်မာဘုရင်စံနစ်ကို အသက်သွင်းတာလို့ ဆိုကြပါတယ်။ ဒါပေမဲ့ ဆရာစံရဲ့ ကြိုးစားမှုက အရာထင်ခဲ့ပါတယ်။ ဆရာစံ သူပုန် အရေးနိမ့်ခဲ့ပေမဲ့၊ ဆရာစံ ကြိုးပေးခံခဲ့ရပေမဲ့ ဒီပုန်ကန်မှုကြောင့်ပဲ "လက်နက်နဲ့ တိုက်မှရမယ်ဆိုတဲ့ စိတ်ဓာတ်"တွေ မြန်မာလူငယ်တွေ ကြားမှာ ရင့်သန်လာခဲ့ပြီး ရဲဘော်သုံးကျိပ် ဂျပန်သွားတဲ့အထိ ဖြစ်လာတာပါ။ ၁၉၄၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ဘန်ကောက်မှာ ဗမာ့တပ်မတော်ကို ဖွဲ့နိုင်ခဲ့ပြီး မြန်မာပြည်ကို ဝင်တိုက်နိုင်ခဲ့တာပါ။
အလားတူ နွေဦးတော်လှန်ရေးမှာလည်း မဲပေးရွေးချယ်ရုံနဲ့ မရတာ၊ ဆန္ဒပြရုံနဲ့ ဒီမိုကရေစီ မရတာတွေကို ပြည်သူတရပ်လုံး နားလည်လာခဲ့ပါတယ်။ သေနတ်နဲ့ အုပ်ချုပ်သူကို သေနတ်နဲ့ ဖြုတ်ချရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ NUG၊ PDF တပ်ဖွဲ့ပြီး တိုက်ခဲ့ကြလို့ အခုတော့ အာဏာသိမ်း စစ်ရှုံးတပ်ကြီးဟာ ရှက်စရာကြီး ဖြစ်လာနေပါပြီ။ ငါးနှစ်သား PDF ကို နိုင်ရင်လည်း နှစ် ၇၀ ပရော်ဖက်ရှင်နယ်တပ်ကြီးမို့ နိုင်တာလို့ အပြောခံရမယ်။ အခု စစ်ရှုံးတပ် ဖြစ်နေတော့လည်း အပင်ကြီးလို့သာ နတ်ကွန်းဖြစ်နေတာ။ ပြစရာ တန်ခိုးကမရှိဘူးလို့ ရှုတ်ချ ကဲ့ရဲ့ပြီး ပြောနေကြပါလေရော။
လက်နက်အင်အားချို့တဲ့သော ဆရာစံတပ်
ဆရာစံရဲ့ လယ်သမားသူပုန် ဂဠုန်တပ်တော်ကြီးဟာ ငွေတိုးပေး ချစ်တီးတွေရဲ့ဒဏ်၊ နယ်ချဲ့အခွန်ကောက်တဲ့ဒဏ်၊ သူကြီးဆိုး အရာရှိဆိုးတွေရဲ့ အနိုင်ကျင့်မှုဒဏ်တွေကြောင့် ပြည်သူလူထုစည်းရုံးရေးဘက်တွေမှာ အားကောင်းခဲ့တယ်။ ဒါပေမဲ့ လက်နက်ခဲယမ်း ချို့တဲ့လွန်းလှပါတယ်။ စတင် ပုန်ကန်ချိန်က ပြည်တွင်းဖြစ် လုပ်သေနတ် အလက် ၃၀ ကျော် ၄၀ လောက်ပဲရှိပါတယ်။ ဓား၊ လှံ၊ ဝါးချွန်၊ ဒူးလေး၊ လေး မြားတွေနဲ့ ဝါးရင်းတုတ် စတာတွေပဲ ရှိခဲ့တာပါ။
အားမတူ အန်မမျှပေမဲ့
ပြဒါးပူ
ဈာန်ပျံကြွသလိုပ။
မတရားမှု မခံကြပုံကို။ ။
ခေတ်မီသေနတ်တွေတင်မက စက်သေနတ်တွေနဲ့တောင် သုံးစွဲပစ်ခတ်နေကြတဲ့ နယ်ချဲ့ဗြိတိသျှစစ်တပ်တွေကို တိုက်ခိုက်ဖို့ မလွယ်ကူတာ သူတို့သိပေမဲ့ အဲ့သည့်အချိန်က တောင်သူလယ်သမားတွေ ဘဝဟာလည်း စီးပွားရေးကျပ်တည်းမှုဒဏ်နဲ့ အင်္ဂလိပ်နေမဝင်အင်ပါယာရဲ့ အမျိုးမျိုးနှိပ်စက်ညှဉ်းပန်းတဲ့ဒဏ်တွေကိုမခံနိုင်လို့ "ငတ်ရင်းတော့ အသေမခံ၊ တိုက်ရင်းသာ အသေခံမည်"ဆိုသလို အသက်ရှင်လျက် ဆင်းရဲငတ်ပြတ် နေရခြင်းထက် မိမိထက် အစစ အင်အားကြီးမားတဲ့ ရန်သူကို ရရာလက်နက်နဲ့ ပြန်တိုက်ပြီး ဂုဏ်သိက္ခာရှိရှိ သေရတာက မြတ်တယ်ဆိုပြီး တိုက်ခဲ့ကြတာပေါ့။
အခု နွေဦးတော်လှန်ရေးမှာလည်း စစ်တပ် အာဏာသိမ်းစက ငါးသိန်းကျော် စစ်တပ်ကြီးကို လက်နက်မရှိဘဲ မင်းတို့ လူငယ်တွေက မနိုင်ဘူးဆိုတဲ့ အပြောတွေ အခုတော့ တိတ်သွားပြီ။ ဆရာစံတော်လှန်ရေးလိုပဲ ရရာလက်နက် ဆွဲကိုင်တော်လှန် အသေခံခဲ့ကြလို့ နွေဦးတော်လှန်ရေးဟာ အခုအဆင့်ထိ ရောက်ရှိ အောင်မြင်ခဲ့ကြတာပါ။ အခုလည်း ဆရာစံတော်လှန်ရေးကစခဲ့တဲ့ "ခံချမှ ပြန်ရမည်သာ" စိတ်ဓာတ်တွေဟာ တပြည်လုံးကို ကိန်းဝပ်နေပါပြီ၊ ရှေ့ကိုတိုးလို့ ရောက်ရာနေရာ ရရာပုံစံတွေနဲ့ ပြည်တွင်းပြည်ပ နေရာမလပ် နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြပါပြီ။ မြို့ ၉၀ ကျော်ကိုတောင် သိမ်းထားနိုင်ပါပြီ။ နွေဦးအောင်ပွဲလည်း တဖြည်းဖြည်းနီးပြီ။
ဆရာစံ ၁၄၉ နှစ်ပြည့် မွေးနေ့
ဗန်းမော်တင်အောင်ရဲ့ မွေးနေ့ သတိရကြတယ်။ မောင်သော်က၊ ခရမ်းဦးတင်မောင်ဝင်း၊ ရန်ကြီးအောင်စိန်ဝင်း၊ ဦးညိုဝင်း၊ နီအောင်မေသု၊ ဘကြီးမိုး၊ ဟံသာဝတီဦးဝင်းတင်နဲ့ ဆရာစံ စသည်ဖြင့် မွေးနေ့တွေ အမှတ်ရကြတယ်။ သက်ရှိထင်ရှားဆဲ အမေစု မွေးနေ့ဆိုလည်း ဇွန် ၁၉ ရောက်ရင် မွေးနေ့ရှင် မပါပဲနဲ့ ဆူလို့ ညံလို့ စည်ကားလို့ ပန်းတွေကိုယ်စီ ပန်ကြလို့ပေါ့။ မအလ မွေးနေ့ ဦးနေဝင်းမွေးနေ့တွေဆိုရင်တော့ ဘယ်သူမှမသိကြပါ။ စိတ်မဝင်စားကြပါ။ ပြည်သူကို သတ်ဖြတ် နှိပ်စက်ခဲ့သူတွေကို ပြည်သူတွေက မသိကျိုးကျွန်ပြုပါတယ်။ ပြည်သူက ပြန်ပြီးဒဏ်ခတ်ကြပါတယ်။ ဆရာစံလို လယ်သမား ယာသမား လယ်လုပ်သား ဆင်းရဲသား ပြည်သူတွေရဲ့ တိုက်ပွဲဝင် တော်လှန် ခေါင်းဆောင်တယောက်ကိုတော့ သူ့မွေးနေ့ နှစ် ရာထောင်ပြည့်လည်း သတိရနေကြမှာပါပဲ။ အခုကတော့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်မှာ ဂဠုန်ဆရာစံ ဟာ ၁၄၉ နှစ်ပြည့်ခဲ့ပြီပဲ။ ။






