
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် အာဆီယံခေါင်းဆောင်များ ကွာလာလမ်ပူတွင် တွေ့ဆုံခဲ့ကြသော်လည်း ၎င်းတို့အားလုံးက ထိုင်း-ကမ္ဘောဒီယားတို့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့မှုအပေါ်သာ ကိုယ့်ဘာသာ ချီးကျူး ဂုဏ်ပြုနေကြပြီး ယခုထိ ဒေါ်နယ်ထရမ့်ပ်က မြန်မာ့အရေး တလုံးတပါဒမျှ မဟသေးဟု သိရသည်။
မြန်မာပြဿနာသည် အာဆီယံ ခေါင်းဆောင်များအတွက် ခေါင်းခဲစရာ ဖြစ်နေသည်ကို ထရမ့်ပ် မသိဘဲနေမည် မဟုတ်သော်လည်း ဘာတခွန်းမှ ဝေဖန်ပြောဆိုခြင်းမရှိခဲ့သည်က စဉ်းစားစရာ ဖြစ်လာသည်။ ဘာမှ မပြောခြင်းသည်ကပင် အကောင်းဆုံးဟု ယူဆမိသည်။
ယခုအချိန်ထိလည်း ရွေးကောက်ပွဲအား စောင့်ကြည့်ကိုယ်စားလှယ်စေလွှတ်သင့် မသင့်၊ အထူးသံတမန်ရာထူးကို ဥက္ကဋ္ဌနိုင်ငံသို့ နှစ်စဉ် လွှဲပြောင်းတာဝန်ယူခိုင်းမည့်အစား ၃ နှစ် သက်တမ်းမျိုး တဦး တယောက်တည်းကို ခန့်အပ် တာဝန်ပေးသင့်၊ မပေးသင့်ဆိုသည်တို့ကို အကြိတ်အနယ် ဆွေးနွေးနေကြဆဲ ဖြစ်သည်။ အချက် ၅ ချက်မှ လွဲ၍ နောက်ထပ် အသစ်လည်း ပေါ်ထွက်လာနိုင်သည်ဟူသော မျှော်လင့်ချက်များ ပျောက်ပြယ်စပြုလာနေပြီ ဖြစ်သည်။
အာဆီယံ၏ ထိုသို့ ထိထိရောက်ရောက် တုံ့ပြန်အရေးယူနိုင်ခြင်းမရှိ ဖြစ်နေမှုအပေါ် နိုင်ငံတကာက စိတ်ပျက်စပြုလာနေပြီ ဖြစ်သည်ဟု ဩစတြေးလျ ABC သတင်းဌာနက ရေးသားလာသည်။
ယခုလ အစောပိုင်းကလည်း အီးယူ မဟာမင်းကြီးက မြန်မာကို လမ်းကြောင်းပြောင်းလာအောင် ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့ အာဆီယံကို တိုက်တွန်းသွားခဲ့ပြီး ဖြစ်သည်။ မြန်မာသည် ဒေသတွင်း မတည်ငြိမ်မှုများ မြစ်ဖျားခံရာ ဖြစ်နေသရွေ့ အာဆီယံအတွက် နံပါတ်တစ် စိုးရိမ်စရာအဖြစ် ယူဆသင့်သည်ဟုလည်း ဆိုသည်။
သို့သော် အဖွဲ့ဝင် နိုင်ငံတနိုင်ငံကို အရေးယူဖို့သည် နဂိုကတည်းက အာဆီယံ၏ DNA တွင် မပါရှိခဲ့၊ အီးယူကဲ့သို့ အဖွဲ့ဝင်ဖြစ်ရန် လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် ဥပဒေစိုးမိုးရေးတို့ အကောင်အထည်ဖော်စရာမလိုဘဲ အဓိကစည်းမျဉ်းအဖြစ် မင်းအလုပ် မင်းလုပ်၊ ငါ့အလုပ် ငါလု ပ်ဟူ၍ ဖြစ်သည်။
၎င်းတို့ အဖွဲ့ဝင်နိုင်ငံသည် အာဏာရှင် မက၍ ဘာကြီးပဲ ဖြစ်နေစေကာမူ အာဆီယံအတွက် မည်သည့်ပြဿနာမှ ရှိပုံမရ၊ ၎င်းတို့၏ ၁၉၆၇ ကြေညာချက်ကို ကြည့်မည်ဆိုက အဖွဲ့ဝင်ဖြစ်ရန် အဓိကလိုအပ်ချက်သည် ပထဝီအနေအထား မှန်ကန်နေမှုသာ ဖြစ်သည်ဟု ဘန်ကောက်ရှိ မဟီဒေါတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာန၏ လက်ထောက် ပါမောက္ခ ဝီလျံဂျေဂျုန်းစ်က ထောက်ပြသွားခဲ့သည်။
သို့သော် မြန်မာသည် ကိုယ့်ပြဿနာ ကိုယ်ရှင်းမဟုတ်တော့ဘဲ ပြည်ပအင်အားကြီးနိုင်ငံများ၏ ဩဇာခံ ဖြေရှင်းရန် ကြိုးစားနေခြင်းကိုတော့ သဘောမတွေ့ ဖြစ်နေသည်။ သို့သော်လည်း ဖြစ်နိုင်လျှင် မလုပ်လို၊ သို့သော် အားလုံးက စောင့်ကြည့်လာနေ၍သာ စိတ်မပါ့တပါ့ ပုံစံမျိုးဖြင့် ကိုင်တွယ်ရန် ကြိုးပမ်းခဲ့သည့် အဆင့်မျိုးသာ ရှိပေသည်။
မင်းအောင်လှိုင်သည်လည်း ၎င်းအာဏာသိမ်းပြီး ထိပ်သီးအစည်းအဝေးတက်ခွင့် ပိတ်ပင်ခံရကာ အနာပေါ် တုတ်ကျသကဲ့သို့ မခံမရပ်နိုင်အောင် ဖြစ်ခဲ့သော်လည်း ယခုအခါ အရှက်ရသည်က လွဲ၍ နေသားကျပြီး ခံနိုင်ရည်ရှိသွားပြီ ဖြစ်သည်။
မြန်မာအရေးတွင် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းတို့က ဟိုလိုလို ဒီလိုလို၊ ထိုင်းက ထောက်ခံ၊ မလေးရှား အပါအဝင် ကျန်နိုင်ငံများက ပဋိပက္ခ ဖြေရှင်းရန် တက်တက်ကြွကြွ လုပ်လိုကြနှင့် ကွဲပြဲနေပြီး ဘာလုပ်သင့်သည်အပေါ် နားလည်မှု မတည်ဆောက်နိုင် ဖြစ်နေသည်ဟု ဂျုန်းက ဆိုသည်။
စစ်အုပ်စုကလည်း ထိုသို့ ဖြစ်နေသည်ကို သိလာသဖြင့် အာဆီယံသည် ၎င်းတို့အား ဒုက္ခပေးလာနိုင်စရာ မရှိ ဆိုကာ လက်နက်နှင့် ငွေရရာရကြောင်းအဖြစ် ရုရှား၊ တရုတ်တို့ထံ သွားလိုက်ပြန်လိုက် လုပ်လာသည်။
ယခုအခါ မင်းအောင်လှိုင်သည် တဆင့်တိုးပြီး ၎င်း၏ တရားမဝင်အဖွဲ့အား အသိအမှတ်ပြုလာစေရန် ရွေးကောက်ပွဲလုပ်မည်ဟု ပြောလာသဖြင့် အာဆီယံအဖို့ အကျပ်ရိုက်လာသည်။
ငြိမ်းငြိမ်းချမ်းချမ်း တနိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်နိုင်ခြင်းမျိုး မဟုတ်ဘဲ ၎င်းတို့ ထိန်းချုပ်နိုင်သည့် နေရာလောက် ကွက်လုပ်မည့် ရွေးကောက်ပွဲဆိုသည်ကိုလည်း လာရောက် လေ့လာရန် အာဆီယံကို ဖိတ်ခေါ်ခဲ့သည်။
ယခုအခါ ထိုအရေးကို အာဆီယံသည် မည်သို့ မည်ပုံ ဆုံးဖြတ်မည် ဆိုသည်နှင့် မြန်မာတွင် မီးဟုန်းဟုန်းတောက်နေသော်လည်း ယခင်လိုပင် ခြံစည်းရိုး ခွထိုင်နေဦးမည်လော ဆိုသည်ကို အားလုံးက စောင့်ကြည့်နေကြပြီ ဖြစ်သည်။
အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် ဆက်လက်စွဲကိုင်
မြန်မာသည် မည်သို့သော ရွေးကောက်ပွဲမျိုးကိုမဆို မကျင်းပမီ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရမည်ဟု အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ၎င်းတို့၏ သဘောထားကို ထပ်လောင်းအတည်ပြုလိုက်ကြသည်။ ထို့ပြင် မြန်မာပဋိပက္ခမှ ပေါ်ထွက်လာသော နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများအားလည်း အခိုင်အမာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖြေရှင်းသွားမည်ဟု ကတိပြုခဲ့ကြသည်။
ဘုံသဘောတူညီချက် ၅ ချက်အား အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ အာဆီယံ ခေါင်းဆောင်များ၏ သုံးသပ်ဆုံးဖြတ်မှုအပေါ် ကြေညာချက် ထုတ်ပြန်ရာတွင် နိုင်ငံတွင်း တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိအောင် သက်ဆိုင်နေသည့် အဖွဲ့အစည်းအားလုံး ဘုံသဘောတူညီချက် ၅ ချက်အား အပြည့်အဝ အကောင်အထည်ဖော်ကြရန်လည်း တိုက်တွန်းထားသည်။
ရွေးကောက်ပွဲမလုပ်မီ အကြမ်းဖက်မှုများ ရပ်ဆိုင်းပြီး အားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် အာဆီယံ ခေါင်းဆောင်တွေက အလေးအနက် တိုက်တွန်းသည်ဟု ပါရှိသည်။
ရွေးကောက်ပွဲသည်လည်း လွတ်လပ်၊ တရားမျှတ၊ ငြိမ်းချမ်း၊ ပွင့်လင်းမြင်သာပြီး အားလုံး ပါဝင်နိုင်သည့် ယုံကြည်ရလောက်သော ရွေးကောက်ပွဲမျိုး ဖြစ်ရန် အရေးကြီးကြောင်း အလေးအနက် ဖော်ပြထားသည်။
မြန်မာမှ ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာသူများ စေလွှတ်ရန်လည်း ဖိတ်ခေါ်သည်ကို သိရှိကြောင်းလည်း ပါရှိသည်။
ဆက်လက်ပြီး အချက် ၅ ချက်ကို အကောင်အထည်မဖော်မချင်း မင်းအောင်လှိုင်အား အာဆီယံ အစည်းအဝေး တက်ခွင့်မပေးဆိုသည့် မူကို ဆက်လက်စွဲကိုင်သွားမည်ဟုလည်း ပါရှိသည်။
ငြိမ်းချမ်းရေး မရဘဲ ရွေးကောက်ပွဲ လုပ်၍ မဖြစ်
လက်ရှိ အနေအထားတွင် ဖိလစ်ပိုင်၊ အင်ဒိုနီရှား၊ မလေးရှားတို့က အပြင်းအထန် ဆန့်ကျင်နေပြီး ထိုင်းနိုင်ငံကသာ ဖိတ်ခေါ်မည်ဆိုက ၎င်းတို့ စေလွှတ်ပေးမည်ဟု လူသိရှင်ကြား ပြောထားသည်။ အာဆီယံ၏ တရားဝင် ရပ်တည်ချက်သည် ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်မှု ရပ်စဲရေးနှင့် သက်ဆိုင်သူအားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးကို အဓိကထား လုပ်ဆောင်ရန် လိုအပ်ကြောင်း ဆိုသည်ပင် ဖြစ်သည်။
အဖွဲ့ဝင်နိုင်ငံများက ထိုအချက်များ အကောင်အထည်မဖော်သေးဘဲ စစ်အုပ်စု၏ ရွေးကောက်ပွဲကို လေ့လာသူ စေလွှတ်ပါက တရားဝင် အသိအမှတ်ပြုသကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် ဆန့်ကျင်နေကြပါသည်။ ၎င်းတို့၏ အချက် ၅ ချက်သည်လည်း အလိုလိုနေရင်း မြောင်းထဲ ရောက်သွားတော့မည် ဖြစ်သည်။
တနင်္ဂနွေ့နေ့က ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် အရပ်သားများအပေါ် ဆက်လက်ပြီး အကြမ်းဖက်နေမှုများကို ရှုတ်ချကြောင်း၊ သက်ဆိုင်သူအားလုံး ချက်ချင်းဆိုသလို အကြမ်းဖက်မှုများ ရပ်ဆိုင်းရန်၊ အရပ်သားများ၏ လုံခြုံရေးကို အာမခံကာကွယ်ပေးရန်၊ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ အဟန့်အတားမရှိ ပေးနိုင်ရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲများ ဖြစ်ပေါ်လာမည့် အခြေအနေများ ဖန်တီးပေးရန် တို့ ပါရှိသည်။
လေ့လာသူ စေလွှတ်ရန် မရှိ
အဆိုပါ ကြေညာချက်တွင် ရွေးကောက်ပွဲအား လေ့လာသူ စေလွှတ်ရေး တလုံးတပါဒမျှ မပါရှိသဖြင့် လိုက်လျောမည့် အလားအလာ မတွေ့ရပေ။
သောကြာနေ့က အာဆီယံနှင့် နိုင်ငံတကာရှိ အလုပ်သမားသမဂ္ဂများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးအဖွဲ့ စုစုပေါင်း ၃၀၈ ဖွဲ့က ၎င်းတို့၏ အစိုးရများအား စစ်အုပ်စု၏ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန် တောင်းဆိုသည့် စာများ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။
လက်ရှိတွင် အာဆီယံနိုင်ငံများသည် ၎င်းတို့ နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရန် ထိပ်သီးအစည်းအဝေးသို့ ရောက်လာသော အမေရိကန်၊ ဂျပန်၊ တောင်ကိုရီယား အပါအဝင် နိုင်ငံပေါင်း ၂၀ ခန့်မှ ခေါင်းဆောင်များနှင့် အားတက်သရော ဆွေးနွေးနေကြချိန်တွင် မြန်မာ စစ်ခေါင်းဆောင်များကဖြင့် ပြည်သူများအပေါ် အနိုင်ရရေးအတွက် လက်နက်များ ပေါချောင်ကောင်းနှင့် ရနိုင်မည့် အရေးသာ ခေါင်းထဲတွင် ရှိနေကြသည်။
ဩစတြေးလျအခြေစိုက် The Interpreter စာစောင်တွင် ဆောင်းပါးရှင် အေမီချုးက သူသည် ပြီးခဲ့သည့်နှစ် အနည်းငယ်က စစ်အုပ်စု အထက်တန်း စစ်အရာရှိကြီး တဦးနှင့် ရှားရှားပါးပါး တွေ့ဆုံခွင့်ရခဲ့ရာတွင် ၎င်းတို့၏ စိတ်နေသဘောထားကို သိခွင့်ရခဲ့ကြောင်း၊ အဆိုပါ ဗိုလ်ချုပ်ကြီးက “တကမ္ဘာလုံးက ကျုပ်တို့ကို ပိတ်ဆို့ဒဏ်ခတ်နေတော့ကော ဘာအရေးလဲ၊ တသက်လုံး အဲဒီလို အလုပ်ခံနေရတာပဲ၊ ကျုပ်တို့ဘက်မှာ ရုရှားနဲ့ တရုတ် ရှိတယ်၊ ပြီးတော့ ကျုပ်တို့ဘာသာကျုပ်တို့ လက်နက်တွေ ထုတ်နိုင်တယ်” ဟု ပြောခဲ့သည်ဟု မီးမောင်းထိုးပြသွားခဲ့သည်။
ရွေးကောက်ပွဲသည် အာဆီယံကြောင့် အရှက်ဗြန်းဗြန်းကွဲမည့် အရေးကို ကာမိလို့ ကာမိငြား လူထုကို အာရုံလွှဲနိုင်ရန် သက်သာရာရလာကြသော်လည်း ဦးနှောက်ပိုင်း ဖွံ့ဖြိုးမှုတွင် ၁၀ နှစ်သား ခန့်သာရှိသည့် အနုပညာရှင်များကို ခေါ်ထုတ်ပြီး ဝါဒဖြန့်ဇာတ်လမ်းတို အချိန်မီ ထုတ်လွှင့်လာကြသည်။




