
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံဖို့ ရက်ပိုင်းအလိုမှာ တရုတ် H-6K ဗုံးကြဲလေယာဉ်တွေဟာ ထိုင်ဝမ်ကျွန်းအနီး ပျံသန်းပြီး “ထိပ်တိုက်ရင်ဆိုင်မှု စစ်ရေးလေ့ကျင့်မှု” လုပ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာက အောက်တိုဘာ ၂၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီလေ့ကျင့်မှုမှာ J-10 တိုက်လေယာဉ်တွေလည်း ပါဝင်ခဲ့ပြီး ထိုင်ဝမ်ကျွန်းပတ်လည် ရေပြင်နဲ့ ဝေဟင်မှာ ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒါဟာ ခြိမ်းခြောက်ဖို့ ရည်ရွယ်တဲ့ “လုပ်ကြံဝါဒဖြန့်ချိမှု” သာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။
သူတို့အနေနဲ့ နေ့စဉ် စောင့်ကြည့်နေပြီး ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတစုံတရာ မတွေ့ခဲ့ရဘူးလို့လည်း ဆိုပါတယ်။
တချိန်တည်းမှာပဲ မလေးရှားနိုင်ငံက အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း အမေရိကန်နဲ့ တရုတ် ထိပ်တန်းအရာရှိတွေ တွေ့ဆုံခဲ့ကြပါတယ်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့်က နှစ်နိုင်ငံ ကုန်သွယ်ရေး သဘောတူညီချက် မူဘောင်တခု ရရှိထားပြီလို့ ပြောပါတယ်။
ဒီမူဘောင်မှာ TikTok ကို အမေရိကန်က ဝယ်ယူရေး အပြီးသတ်သဘောတူညီချက် ပါဝင်သလို တရုတ်ရဲ့ မြေရှားသတ္တု တင်ပို့မှု တင်းကျပ်တာကို တနှစ် ရွှေ့ဆိုင်းပေးတာလည်း ပါဝင်ပါတယ်။
ဒါကြောင့် သမ္မတထရမ့်ပ် ခြိမ်းခြောက်ထားတဲ့ တရုတ်ကုန်စည်တွေအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်တာမျိုး ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
တရုတ်နိုင်ငံကလည်း အမေရိကန်ဆီက ပဲပုပ် ပမာဏအများအပြား ပြန်လည်ဝယ်ယူဖို့ သဘောတူခဲ့ပါတယ်။
သမ္မတထရမ့်ပ်နဲ့ သမ္မတ ရှီတို့ဟာ ဒီအသေးစိတ် အချက်အလက်တွေကို အောက်တိုဘာ ၃၀ ရက် တောင်ကိုရီးယားက အေပက်ထိပ်သီးဆွေးနွေးပွဲမှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ထရမ့်ပ်ဟာ မလေးရှားမှာ လုပ်တဲ့ အာဆီယံဆွေးနွေးပွဲကနေ ဂျပန်နိုင်ငံကို ထွက်ခွာလာခဲ့ပြီဖြစ်ပြီး အဲဒီကမှ တောင်ကိုရီးယားကို သွားမှာဖြစ်ပါတယ်။




