
“ဆရာလေးကျောင်းမှာ ငလျင်ကြောင့် သီလရှင် ၁၄ ပါး တိမ်းပါးသွားတယ်။ ငလျင်လှုပ်တဲ့ အချိန်မှာ ဆရာလေးတွေက ဝမ်းလျားမှောက်ပြီး စာရေးနေကြတာ။ တချို့ကလေးတွေက အိပ်ပျော်နေတာလည်း ရှိတယ်။ တချို့ ၁၃ နှစ်လောက်ရှိတဲ့ သီလရှင်အကြီးလေးတွေက ထပ်လှုပ်မယ်ဆိုတာ မသိတော့ ကျန်ခဲ့တဲ့ အငယ်လေးတွေကို ပြန်ဝင်ခေါ်ရင်း ပါသွားတာ။”
ပန်းရောင်ဝတ် သီလရှင်တို့ရဲ့ ငလျင်အိပ်မက်ဆိုး
မျက်စိတဆုံးလှပတဲ့ စစ်ကိုင်းတောင်ရိုးပေါ်မှာ လွန်ခဲ့တဲ့ ၆ လဝန်းကျင်က ဖြစ်ခဲ့တဲ့ ငလျင်အိပ်မက်ဆိုးကို ဆရာလေး ဒေါ်သီလစာရီက ပြန်ပြောပြနေခဲ့တာပါ။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့ကို ဗဟိုပြုတဲ့ အင်အား ၇ ဒသမ၈ ရစ်ချ်တာစကေးရှိ အင်အားပြင်း မြေငလျင်ကြီးကြောင့် နိုင်ငံတဝန်း ထိခိုက်သေဆုံးတဲ့လူပေါင်း ၄,၅၅၀ ရှိခဲ့ပါတယ်။ ငလျင်ရဲ့ဒဏ်ကို ငလျင်ဗဟိုချက် ကပ်လျက်ဖြစ်တဲ့ စစ်ကိုင်းတောင်ရိုးမှာ သီတင်းသုံးနေတဲ့ သီလရှင်ကျောင်းတွေလည်း ခံစားခဲ့ကြရပါတယ်။ စစ်ကိုင်းတံတားပေါ်က ဆင်းလိုက်တာနဲ့ မြို့အဝင် တောင်ရိုးတလျှောက်မှာ ဘုန်းတော်ကြီးကျောင်းတွေနဲ့အတူ ရာနဲ့ချီတဲ့ သီလရှင်ကျောင်းတွေ တည်ရှိနေပါတယ်။
စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ သီလရှင်အသိုက်အဝန်းမှာ မတူညီတဲ့ နောက်ခံနဲ့ အသက်အရွယ် အမျိုးမျိုးသော သီလရှင်တွေ သီတင်းသုံး နေထိုင်ကြပါတယ်။ အများစုကတော့ အသက်ငယ်ရွယ်စဉ်ကတည်းက သီလရှင်အဖြစ် နေထိုင် သီတင်းသုံးခဲ့ကြသူတွေဖြစ်ပြီး တချို့ကတော့ ဘဝနှောင်းပိုင်းမှာ သီလရှင်အဖြစ် နေထိုင်ကြသူတွေ ရှိသလို တရားဓမ္မစာပေတွေနဲ့ အတူ အတန်းပညာကို သင်ယူနေတဲ့ သီလရှင်တွေလည်း ရှိကြပါတယ်။ သက်တော် ၄၆ နှစ်နဲ့ ဝါတော် ၃၆ ဝါ ရှိပြီဖြစ်တဲ့ ဆရာလေး ဒေါ်သီလစာရီရဲ့ သုတေသက စာသင်တိုက်မှာတော့ ငလျင်ဘေးဒဏ်ကြောင့် သီလရှင်ငယ် ၁၄ ပါး တိမ်းပါးခဲ့ကြပါတယ်။
သုတေသက သီလရှင်စာသင်တိုက်မှာတော့ တိုင်းရင်းသားဒေသက သီလရှင်ငယ်လေးတွေ အများဆုံး စာပေလေ့လာရင်း သီတင်းသုံး နေထိုင်ကြပါတယ်။ မိဘမဲ့ သီလရှင်ငယ်လေးတွေ ရှိသလို တချို့ကတော့ တိုင်းရင်းသားဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ပညာသင်ခွင့်မရလို့ မိဘတွေက ပညာသင်ဖို့ သီလရှင်ကျောင်းတိုက်ကို ပို့ဆောင်ထားကြတာ ဖြစ်ပါတယ်။
“သီလရှင် အပြီးဝတ်ဖို့ လာနေကြတယ် ဆိုတာထက် ပညာရေးအတွက် လာနေကြတဲ့ ကလေးတွေ များတယ်။ ဆရာလေးကလည်း ပညာရေးကို အဓိကလုပ်ပေးတာ။ ဆရာလေးကျောင်းမှာပဲ ၁၀ တန်းအောင်ပြီး ထွက်သွားသူတွေ တော်တော်များတယ်။ ခါတိုင်းနှစ်တွေဆို နွေရာသီ ရွာပြန်လေ့ရှိကြတယ်။ ဒီနှစ်ကတော့ သူတို့ဒေသတွေမှာ မအေးချမ်းတာတွေရော၊ မိဘတွေက ဆရာလေး ကလေးတွေကို အင်္ဂလိပ်စာသင်ပေးပါ၊ ကွန်ပျူတာသင်ပေးပါလို့ ပြောလို့ ဆရာမငှားပြီး သင်ပေးနေလို့ မပြန်ဖြစ်ကြတာ။”
ငလျင်ကြောင့် သီလရှင်ငယ် ၁၄ ပါး တိမ်းပါးကွယ်လွန်ခဲ့ကြရသလို ဒဏ်ရာရခဲ့တဲ့ သီလရှင်တွေလည်း အများအပြား ရှိခဲ့ပါတယ်။ ငလျင်ပြီးနောက်မှာတော့ သီလရှင်ငယ်တချို့ ပညာသင်ကြားနေတဲ့ ပညာသင်ကြားမှုကို ရပ်တန့်ပစ်လိုက်ရပြီး မငြိမ်းချမ်းတဲ့ဒေသဖြစ်တဲ့ မိဘတွေရှိရာ နေရပ်ကို ပြန်ခဲ့ကြရပါတယ်။ အိမ်ပြန်စရာမရှိတဲ့ မိဘမဲ့ သီလရှင်ငယ်လေးတချို့နဲ့ ဆရာလေး သီလစာရီ ကတော့ ပြန်လည်မထူထောင်နိုင်သေးတဲ့ အပျက်အစီးပုံတွေကြားမှာ ယာယီကျောင်းဆောင်တွေနဲ့ သီတင်းသုံးနေကြရပါတယ်။
“တချို့ကျောင်းတွေက ငလျင်လှုပ်ပေမဲ့ ကျောင်းနဲ့အဝေးကို မရောက်သွားဘူး။ ယာယီတဲလေးတွေ၊ ကျောင်းလေးတွေ ဆောက်ပြီး ပြန်နေလို့ရကြတယ်။ ဆရာလေးတို့က ရေကန်ရော အိမ်သာရော ပါသွားတော့ အခုထိ ဆရာလေးတို့မှာ ရေကန်မရှိဘူး။”
အလှူရှင်ကို လမ်းပေါ်ထွက်ရှာခဲ့ကြရသူများ
စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးချိန်မှာ ထိခိုက်ပျက်စီးမှုတွေ များခဲ့တဲ့အထဲမှာ မန္တလေးမြို့က ဘာသာရေး အဆောက်အအုံတွေ၊ စေတီပုထိုးတွေနဲ့ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းတွေ များစွာ ပါဝင်ခဲ့ပါတယ်။ ပြိုကျပျက်စီးသွားတဲ့ ဘုန်းတော်ကြီးကျောင်းတွေဆီကို အလှူရှင်တွေ ရောက်ခဲ့ပေမဲ့ စစ်ကိုင်းတောင်ရိုးက သီလရှင်ကျောင်းတိုက်တွေဆီကိုတော့ အလှူရှင် အရောက်အပေါက် နည်းခဲ့ပါတယ်။
ငလျင်ရဲ့ ပြိုလဲမှုဒဏ်ကို ခံရအပြီး ၂ လအကြာမှာတော့ သက်ကြီးဝါကြီး သီလရှင် ဆရာကြီး ဆရာလေးတွေဟာ နေပူမွန်းတည့် မရှောင်နိုင်ဘဲ လမ်းမပေါ်ထွက်ပြီး ကားကြီးကားငယ် ဖြတ်သန်းလာကြသူတွေကို စောင့်ဆိုင်းကာ အလှူရှင် ရှာရကြပါတော့တယ်။
ကိုကောင်းကတော့ ဒီမြင်ကွင်းကို စိတ်မသက်သာစွာ မြင်ရခဲ့တဲ့သူတွေထဲက တယောက်ဖြစ်ပြီး သီလရှင်ဆရာလေးတွေရဲ့ ကျောင်းတိုက်တွေဟာ လူအများ လွယ်ကူစွာ မရောက်နိုင်တဲ့ နေရာမှာ တည်ရှိနေတာကြောင့် အခုလို လမ်းမတွေပေါ်ထွက်ပြီး အလှူရှင်ရှာနေရတဲ့ ဖြစ်ရပ်လို့ သူ ခံစားနားလည်လိုက်ရပါတယ်။
ကိုကောင်းက ငလျင်ဒဏ်သင့် စစ်ကိုင်းတောင်ရိုးကို ဓာတ်ပုံမှတ်တမ်းတင်ဖို့ ရောက်လာတဲ့ အလွတ်တန်း ဓာတ်ပုံဆရာတယောက် ဖြစ်ပါတယ်။
“သီလရှင်ကျောင်းတွေ များပြီး နည်းနည်းချောင်ကျတဲ့ဘက်ကို ကျနော် ရောက်သွားတာ အသက်ရွယ်ကြီးတဲ့ ဆရာကြီးတွေ လမ်းပေါ်ထိုင်နေကြတာ။ ကားတစီး ရပ်လိုက်ပြီ ဆိုတာနဲ့ အလှူရှင်လား၊ အလှူရှင် ဆိုရင် ဆရာလေးတို့ကျောင်းကို လိုက်ကြည့်ပါ၊ လိုအပ်နေတာတွေ ရှိပါတယ် ဆိုပြီး နေပူထဲမှာ ခေါ်နေကြတာ။ အထဲမှာနေရင် ဘယ်လိုမှ အလှူရှင်ရမှာ မဟုတ်ဘူးလေ။ သူတို့ကျောင်းတွေကို ပြဖို့ လာခေါ်နေကြတာ” လို့ ကိုကောင်းက ပြောပြပါတယ်။
ဒီကနေ့အချိန်ထိလည်း အလားတူ သီလရှင်ကျောင်းတိုက်တွေ စစ်ကိုင်းတောင်ရိုးပေါ်မှာ အများကြီး ရှိနေဆဲ ဖြစ်ပါတယ်။
စစ်ကိုင်းတောင်ရိုးက ကျောင်းထိုင်ဆရာကြီး ပညာဝတီက “ငလျင်လှုပ်ပြီးပြီးချင်း ရောက်လာပေမဲ့ လှုပ်ပြီး ၁၀ ရက် ၁၅ ရက်မှာ ဆရာလေးတို့ဘက်က ဝေးတော့ မလာကြတော့ဘူး။ မလာကြတော့ဘူး။ ယာယီတဲလေးရဖို့တောင် ဆရာလေးက တဲဆောက်တဲ့ အလှူရှင်တွေကို တကျောင်းပြီးတကျောင်း စုံစမ်းပြီး ဆရာတော်ကို သွားတောင်း အလှူခံရတယ်” လို့ မိန့်ဆိုပါတယ်။
ဘာသာတရား အဆုံးအမနဲ့ နေထိုင်လာခဲ့တဲ့ သီလရှင်ဆရာလေးတွေကတော့ သူတို့ဘဝ သက်တမ်းတလျှောက် ကြုံတွေ့လာရတဲ့ ဒီဖြစ်ရပ်တွေကို ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောလို့သာ နှလုံးသွင်းကြပါတယ်။
ဒါပေမဲ့ ဝင်းထရံမဲ့နေတဲ့ ယာယီကျောင်းဆောင်တွေမှာ သီတင်းသုံးနေရတဲ့ သီလရှင်လေးတွေအတွက် ထိုက်သင့်တဲ့ လုံခြုံမှုလေး ရဖို့တော့ မျှော်လင့်တယ်လို့ ဆရာကြီး ပညာဝတီက မိန့်ပါတယ်။
“စိတ်ထဲတော့ ဘယ်လိုမှတော့ မခံစားတော့ဘူး၊ ဘုန်းကြီးကျောင်းတွေ ဆိုတာက ကိုယ့်ထက်လည်း ဘုန်းကြီးတယ်။ ရဟန်းသံယာတွေဆိုတော့ သူတို့က အလှူရှင် ပိုရတယ်လေ။ ဆရာလေးတို့ သီလရှင်ဆိုတာ အလှူခံနည်းတယ် ဆိုတာ သိပြီးသားဆိုတော့ ဘာမှတော့ အထူးအထွေ မဟုတ်ပါဘူး။ လိုအပ်နေတာလေးတွေအတွက်တော့ အလှူရှင်လေးတွေ လိုချင်သေးတယ်။ ကျောင်းနံရံ ဝင်းထရံလေး မရှိတော့ ဆရာလေးတို့အတွက်က လုံခြုံမှု မလုံလောက်သေးဘူးလေ။ ထိုက်သင့်သလောက် လုံခြုံမှုလေး ရဖို့အတွက် ကျောင်းအုတ်တံတိုင်းလေးအတွက်တော့ လိုချင်သေးတယ်။ ဆရာလေး ဆန္ဒလေးပေါ့။”
သာသနာ့ဆိုင်ရာ ခွဲခြားမှုများနဲ့ လူမှုဝန်းကျင်က မညီမျှမှုများ
သီလရှိသူများလို့ အဓိပ္ပာယ်ရတဲ့ သီလရှင်တွေနဲ့ပတ်သက်လို့ ဘာသာရေးဆိုင်ရာ ကန့်သတ် ခွဲခြားမှုတွေ လူမှုဝန်းကျင်မှာ မမျှတမှုတွေက ကာလကြာရှည် ရှိခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို ဘာသာရေးပုဂ္ဂိုလ်အဖြစ် တရားဝင် အသိအမှတ်ပြုပေမဲ့ သီလရှင်တွေကိုတော့ သံဃာအဖွဲ့အစည်းဝင်တွေအဖြစ် တရားဝင် အသိအမှတ်ပြုတာ ဒီကနေ့အထိ မရှိခဲ့ကြပါဘူး။
ဒါကြောင့် ၁၉၅၄ ခုနှစ်မှာ မြန်မာနိုင်ငံ သီလရှင်အဖွဲ့ချုပ်လို အသင်းအဖွဲ့တွေကို စတင်တည်ထောင်ခဲ့ကြပါတယ်။ ဥပဒေဆိုင်ရာ စိန်ခေါ်မှုအနေနဲ့လည်း ၁၉၅၃ ခုနှစ် မြေယာသိမ်းဆည်းရေးဥပဒေ ပြဋ္ဌာန်းချိန်မှာ သီလရှင်တွေဟာ ဘာသာရေးမြေများ သိမ်းဆည်းခံရနိုင်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ နိုင်ငံတော်အဆင့် အဖွဲ့အစည်းတွေမှာ သီလရှင်တွေဟာ အဖွဲ့ဝင်အဖြစ် မရှိနေရဘဲ နိုင်ငံတော်သံဃာအဖွဲ့မှာ အဆင့်မြင့်ဆုံးရာထူးကို ရဟန်းတော်များကသာ ရယူထားကြပါတယ်။
ဒါ့အပြင် သာသနာ့စာပေ သင်ကြားခွင့်နဲ့ ပတ်သက်ပြီး သီလရှင်တွေဟာ တန်းတူအခွင့်အရေး မရရှိခဲ့ကြပါဘူး။ ၁၉၉၀ ပြည့်နှစ်တွေကစပြီး သီလရှင်တွေဟာ ပညာရေးနဲ့ လူမှုဝန်ဆောင်မှု လုပ်ငန်းတွေမှာ တက်ကြွလာမှုကြောင့် လူ့အဖွဲ့အစည်းက “သာသနာအဖွဲ့ဝင်တဦး” ဆိုတဲ့ အမြင်နဲ့ လေးစားမှုတွေ ပြန်လည်မြင့်တက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ သာသနာ့ဝန်ကို ထမ်းကြသူချင်း အတူတူ လူမှုဝန်းကျင်က မတူညီတဲ့ အမြင်တွေကတော့ ကြီးကြီးမားမား ပျောက်ပျက်သွားတာ မရှိသေးပါဘူး။
ဆရာလေး သီလစာရီက “ခွဲခြားဆက်ဆံမှုတွေကိုတော့ စာသင်တိုက်မှာနေတုန်းက သိပ်မသိခဲ့ရဘူး။ တချို့နေရာတွေမှာ ရန်ကုန်မှာ ပဋ္ဌာန်းတွေ ဘာတွေ ရွတ်ရတာတို့ အဲဒီလိုမျိုး အန္တရာယ်ကင်း ကမ္မဝါတွေဘာတွေ ဖတ်တယ်ဆိုရင် ဘုန်းကြီးမပါဘဲ ပင့်တဲ့အိမ်တွေမှ သွားခဲ့ရတာ။ ဘုန်းကြီးတွေနဲ့အတူ ဆုံတဲ့ပွဲ မရှိဘူး။ စာသင်တိုက်မှာဆိုတော့ အပြင်လည်း သိပ်မသွားရဘူး။ အခု ဒီကျောင်းတွေ ရောက်လာတဲ့ အချိန်ကျမှ ကိုယ့်ကျောင်းနဲ့ကိုယ် ဖြစ်လာပြီဆိုတဲ့ အချိန်ကျမှ ကိုယ်သာသနာပြုတဲ့ အချိန်ကျမှ ဒီလိုမျိုးတွေက သိရတာ၊ စိတ်ထဲမှာတော့ အဲလိုမျိုးတွေ ခွဲခြားပြီး လှူဒါန်း ဆက်ဆံတဲ့ နေရာမှာ စိတ်ထဲမှာတော့ နည်းနည်းတော့ မကောင်းဘူး။ ဒါပေမဲ့ လောကကြီးက သွားနေတာကိုက ဘုန်းကြီးတွေကို ဦးစားပေးတဲ့ပုံစံ ဖြစ်နေတာကို…” လို့ သူခံစားရတဲ့ မညီမျှမှုတွေကို ပြောပြပါတယ်။
ဒါ့အပြင် ဘာသာရေးဆိုင်ရာ အယူအဆတွေမှာလည်း ထိလွယ်ရှလွယ်ဖြစ်ကြတဲ့ အပိုင်းတွေ ရှိပါသေးတယ်။ ဒါကတော့ သာသနာ့ဝန်ထမ်း အမျိုးသမီးမို့ အရိုအသေ မပေးလိုတဲ့ အယူအဆတွေ ဖြစ်ပါတယ်။
“ရင်းနှီးတဲ့လူတွေဆိုရင် ဆရာလေးက ပြောတယ်။ ဆရာလေးမို့ ရှိခိုးလို့မရဘူး ဆိုပြီး ပြောရင် ဆရာလေးကို ရှိခိုးတာမဟုတ်ဘူး၊ ဆရာလေးရဲ့ သီလဂုဏ် သမာဓိဂုဏ်ကို ရှိခိုးတာ။ အမှန်တကယ်တော့ ဆရာလေး ခန္ဓာကိုယ်ကြီးကို ရှိခိုးနေတာ မဟုတ်ဘူးလေ။ ဆရာလေးတို့ရဲ့ သီလဂုဏ် သမာဓိဂုဏ်ကို အာရုံပြုပြီး ရှိခိုးရတာ ဖြစ်တဲ့အတွက် လူတွေ တော်တော်များများက ယောကျ်ားလေး လူတွေပဲဖြစ်ဖြစ် တချို့လူတွေ ယောကျ်ားလေးတွေက မရှိခိုးတာ များတယ်။ နောက်ပြီး ယောကျ်ားလေးလောက် ဘုန်းကြီးပဲ ပြောရမယ်ပေါ့နော်၊ ဘုန်းကြီးကျောင်းပဲ လှူကြတာ များတယ်။ သီလရှင်တွေကိုကျတော့ အနောက်မှာ နေခဲ့ရတာပေါ့။”
အပျက်အစီးကြားမှာ အကောင်းတိုင်းကျန်ရစ်နေဆဲ မေတ္တာတရား
အခုတော့ ဆရာလေး ဒေါ်သီလစာရီရဲ့ စာသင်တိုက် အပါအဝင် စစ်ကိုင်းတောင်ရိုးပေါ်က သီလရှင်ကျောင်းတွေဟာ အပျက်အစီးပုံတွေကြားမှာ အလှူရှင်တွေရဲ့ အနည်းငယ်သော အလှူငွေနဲ့ ယာယီကျောင်းဆောင်တွေနဲ့သာ သီတင်းသုံး နေထိုင်နေကြရပါတယ်။
ပြန်လည်မထူထောင်နိုင်သေးချိန်မှာ စာသင်လက်စ သီလရှင်ငယ်လေးတွေလည်း တနေရာစီ ပြန့်ကျဲ နေထိုင်နေကြရပါတယ်။ ဒါပေမဲ့ ငလျင်အပျက်အစီးပုံတွေကြားမှာ ဆရာလေး ဒေါ်သီလစာရီနဲ့ ကျန်ရစ်သူ ဆရာလေးတွေရဲ့ မေတ္တာတရားကတော့ ပျက်စီးသွားခြင်း မရှိပါဘူး။
“လွမ်းတယ် ဆရာလေးက၊ သူတို့လည်း ဆရာလေးကို သတိရတယ် ဆိုတဲ့အကြောင်း ဖုန်းဆက်တယ်လေ။ ကလေးတွေက ဆရာလေးကို တော်တော်လေး သံယောဇဉ်ရှိကြတယ်၊ ဖုန်းဆက်တယ်။ သူများနဲ့ မနေချင်ဘူးတဲ့၊ ဆရာလေးနဲ့ပဲ နေချင်တယ်တဲ့ ဖုန်းဆက်တယ်။ ဆရာလေးလည်း သူတို့ကို သတိမရတဲ့ရက် တရက်မှ မရှိခဲ့ဘူး။ ကလေးတွေကို ဆရာလေးက အခုချိန်ထိ မေ့မရဘူးပေါ့နော်။ မေ့ပါလို့ ဘယ်လိုပဲပြောပြော မေ့မရဘူး။”
စစ်ကိုင်းတောင်ရိုးက အပျက်အစီးပုံတွေကြားမှာ ရာနဲ့ချီတဲ့ သီလရှင်ဆရာလေးတွေဟာ အလုံးစုံ မပြည့်စုံမှုတွေနဲ့ မလုံခြုံတဲ့ ယာယီအဆောက်အအုံတွေကြားမှာ ကြံ့ကြံ့ခံ ရပ်တည်နေဆဲပါ။ တစစီ ပြန့်ကျဲနေတဲ့ မေတ္တာတရားတွေ စစ်ကိုင်းတောင်ရိုးပေါ်မှာ ပြန်လည်စုစည်းနိုင်ဖို့ မျှော်လင့် ဆုတောင်းနေကြဆဲပါ။ ဒီတောင်ရိုးအပေါ်က အသံတိတ် ဆုတောင်းတွေဟာ ခေတ်အဆက်ဆက် လူမှုဝန်းကျင်ကြားက မညီမျှမှုတွေနဲ့ လူမှုအသိုင်းအဝန်းကို ပဲ့တင်နိုင်ဖို့ အရေးတကြီး လိုအပ်နေပါတော့တယ်။
Photo: ကိုကံကောင်း
မြန်မာဗုဒ္ဓဘာသာ သီလရှင်များအပေါ် ခွဲခြားကန့်သတ်မှုများ၊ ဥပဒေရေးရာကန့်သတ်ချက်များအကြောင်းကို ဆရာမ မိုမိုသန့်ရဲ့ The Changing Social and Religious Role of Buddhist Nuns in Myanmar စာတမ်းမှ ကိုးကားဖော်ပြပါသည်။ Changing Social and Religious Roles, 1948-2010 စာတမ်းမှ ကိုးကားဖော်ပြပါသည်။


