
စစ်ကိုင်းတောင်ရိုးမှာရှိတဲ့ သီလရှင်အသိုက်အဝန်းမှာ မတူညီတဲ့နောက်ခံနဲ့ အသက်အရွယ်အမျိုးမျိုးသော သီလရှင်တွေ သီတင်းသုံးနေထိုင်ကြပါတယ်။ အများစုကတော့ အသက်ငယ်ရွယ်စဉ်ကတည်းက သီလရှင်အဖြစ် နေထိုင်သီတင်းသုံးခဲ့ကြသူတွေဖြစ်ပြီး တချို့ကတော့ ဘဝနှောင်းပိုင်းမှာ သီလရှင်အဖြစ် နေထိုင်ကြသူတွေရှိသလို တရားဓမ္မစာပေတွေနဲ့အတူ အတန်းပညာကို သင်ယူနေတဲ့သီလရှင်တွေလည်း ရှိကြပါတယ်။

ဆရာလေး ဒေါ်သီလစာရီဟာလည်း သူအသက် ၁၀ နှစ်ကတည်းက သီလရှင်ဘဝကို ခံယူခဲ့ပြီး အခုချိန်မှာတော့ ဆရာလေးဟာ သက်တော် ၄၆ နှစ်နဲ့ ဝါတော်က ၃၆ ဝါရှိနေပါပြီ။ ဆရာလေး ဒေါ်သီလစာရိရဲ့ သုတေသက စာသင်တိုက်မှာ ဆရာကြီး ဆရာလေး ၅၆ ပါး သီတင်းသုံး နေထိုင်ခဲ့ကြပါတယ်။

အများစုသောသီလရှင်လေးတွေဟာ တိုင်းရင်းသားဒေသကနေ ရောက်လာကြတာဖြစ်ပြီး နိုင်ငံရေးမတည်ငြိမ်မှု၊ နယ်မြေမငြိမ်းချမ်းမှုကြောင့် ပညာသင်ဖို့ ရည်ရွယ်ချက်နဲ့ နေထိုင်ကြတာဖြစ်ပါတယ်။

လူလုပ် ဘေးအန္တရယ် အခက်ခဲမျိုးစုံကို ရှောင်ကွင်းဖို့ အခက်ခဲတွေ ပြေလည်စေဖို့အတွက် သုတေသက စာသင်တိုက်မှာ လာရောက်မှီခိုကြတဲ့ ဆရာလေးတွေအတွက် ကြိုတင်မမျှော်မှန်းထားတဲ့ သဘာဝဘေးအန္တရာယ်က ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၆ လ ခန့်၊ ၂၀၂၅၊ မတ် ၂၈ ရက်နေ့က စစ်ကိုင်းမြို့ကိုဗဟိုပြုတဲ့ အင်အား ၇.၈ ရစ်ချ်တာစကေး ငလျင်ကြောင့် ဆရာလေး ဒေါ်သီလစာရီတို့ ကျောင်းက ဆရာလေး ၁၄ ပါး တိမ်းပါးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့ပြီး ဆရာလေးတပါးကတော့ ခြေထောက်တဖက် ဆုံးရှုံးခဲ့ပါတယ်။

ရှင်ကျန်ရစ်သူ ဆရာလေးတို့အတွက်တော့ သူတို့ရဲ့ ဘဝတူဆရာလေးတွေကို အပြီးခေါ်ယူသွားခဲ့တဲ့ ငလျင်ကပ်ဆိုးကြီးဟာ အိမ်မက်ဆိုးတွေဖြစ်နေဆဲပါပဲ။

ငလျင်လှုပ်ပြီး ၂ လ အကြာမှာတော့ ပြိုကျပျက်စီးသွားတဲ့ သီလရှင်ကျောင်းတွေကို ပြန်လည်မတည်ဆောက်နိုင်သေးတာကြောင့် ကျန်ရစ်သူဆရာလေးအချို့ နေရပ်ပြန်ခဲ့ကြရပါတယ်။ အိမ်ပြန်စရာမရှိတဲ့ မိဘမဲ့ သီလရှင်ငယ်လေးတချို့နဲ့ ဆရာလေးသီလစာရီကတော့ ငလျင်ဒဏ်သင့် အပျက်အစီးပုံတွေကြားမှာ ခနော်နီခနော်နဲ့ ဆောက်ထားတဲ့ ယာယီကျောင်းဆောင်တွေမှာ ဖြစ်သလို သီတင်းသုံးနေကြရပါတယ်။

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီးချိန်မှာ ထိခိုက်ပျက်စီးမှုတွေ များခဲ့တဲ့အထဲမှာ မန္တလေးမြို့က ဘာသာရေးအဆောက်အအုံတွေ၊ စေတီပုထိုးတွေနဲ့ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းတွေ များစွာပါဝင်ခဲ့ပါတယ်။ ပြိုကျပျက်စီးသွားတဲ့ ဘုန်းတော်ကြီးကျောင်းတွေဆီကို အလှူရှင်တွေရောက်ခဲ့ပေမဲ့ စစ်ကိုင်းတောင်ရိုးက သီလရှင်ကျောင်းတိုက်တွေဆီကိုတော့ အလှူရှင်အရောက်အပေါက်နည်းခဲ့ပါတယ်။

အခုတော့ ဆရာလေးဒေါ်သီလစာရီရဲ့ စာသင်တိုက်အပါအဝင် စစ်ကိုင်းတောင်ရိုးပေါ်က သီလရှင်ကျောင်းတွေဟာ အပျက်အစီးပုံတွေကြားမှာ အလှူရှင်တွေရဲ့ အနည်းငယ်သောအလှူငွေနဲ့ ယာယီကျောင်းဆောင်တွေနဲ့သာ သီတင်းသုံးနေထိုင်နေကြရပါတယ်။ ပြန်လည်မထူထောင်နိုင်သေးချိန်မှာ စာသင်လက်စ သီလရှင်ငယ်လေးတွေလည်း တနေရာစီ ပြန့်ကျဲနေထိုင်နေကြရပါတယ်။ ဒါပေမဲ့ ငလျင်အပျက်အစီးပုံတွေကြားမှာ ဆရာလေးဒေါ်သီလစာရီနဲ့ ကျန်ရစ်သူ ဆရာလေးတွေရဲ့ မေတ္တာတရားကတော့ ပျက်စီးသွားခြင်းမရှိပါဘူး။

မချစ်မွန်
ဓာတ်ပုံ- ကိုကောင်း













