Home
မြန်မာသတင်း
“ဆရာလေးတပါးက ၃ ရက်လောက် တောင့်ခံထားတယ်။…. မနေ့က ၃း၁၅ မှ ဆုံးသွားတာ” ကယ်ဆယ်ရေးလုပ်သား
DVB
·
April 2, 2025
photo: မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန
photo: မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်ကြီးတွေ၊ သာသနိက အဆောက်အအုံတွေပြိုကျပျက်စီးခဲ့သလို အဲ့ဒီမှာ မှီခိုနေကြတဲ့ စာသင်သားရဟန်းသံဃာတော်၊ သီလရှင်တွေလည်း ပျံလွန်တော်မူပြီး အရပ်သားတချို့လည်း ထိခိုက်သေဆုံးခဲ့ပါတယ်။

စစ်ကိုင်းမြို့ မေတ္တာဝါသ ကျောင်းတိုက်ဆရာတော်က စစ်ကိုင်းတောင်ရိုးမှာ ပျံလွန်တော်မူတဲ့ သံဃာတော်တွေနဲ့ အခြေအနေကို အခုချိန်ထိ ခန့်မှန်းလို့ မရသေးဘူးလို့ ကျောင်းတိုက် ဦးစီးပဓာန ဆရာတော် ဘန္ဒန္တ ကေလာသ မေတ္တာဝါသက မိန့်ကြားပါတယ်။

“အဓိကကတော့ ငလျင်ကြောလို့ပြောရမှာပေါ့။ သံဃာကတော့ ခုချိန်ထိမှန်းလို့မရသေးပါဘူး။ အများဆုံးကတော့ စစ်ကိုင်းတောင်ရိုးပါပဲ။ အဓိကဖြစ်တာကတော့ စစ်ကိုင်းတံတားပေါ့နော်၊ စစ်ကိုင်း တံတားကျိုးတဲ့အတွက် သွားလို့လာလို့မရတဲ့အတွက် ခုချိန်ထိ ထုတ်လို့မရသေးတာပေါ့။ ဟိုဘက်တွေမှာဆိုရင် ဒါ့ထက်ဆိုးတာ အများကြီးကျန်သေးတယ်။”

စစ်ကိုင်းမြို့နည်းတူ စစ်ကိုင်းတောင်ရိုးရှိ သာသနိက အဆောက်အအုံတွေမှာလည်း ကူညီကယ်ဆယ်ရေးတွေ နောက်ကျနေပြီး အသက်ရှင်ကျန်ရစ်သူမရှိသလောက် ဖြစ်လာပါတယ်။ 

လတ်တလော သကျမိတာ စာသင်တိုက်မှာ ကယ်ဆယ်ရေး မပြည့်စုံလို့ သီလရှင်ဆရာလေးတပါး ပျံလွန်တော်မူသွားတဲ့အခြေနေကို ကယ်ဆယ်ရေးလုပ်သားတယောက်က အခုလိုပြောပါတယ်။

“အလောင်းတွေကျန်သေးတယ်။ မနေ့ကဆိုရင် အဲ့ဒီ အဖြူလေး အဝတ်စ၊ အဖြူလေး အောက်က ဝင်သွားရင် မနေ့က ၃ နာရီ ၁၅ ကမှ တပါးကဆုံးတာ။ ဆရာလေးတပါးက ၃ ရက်လောက် တောင့်ခံထားတယ်။ ကျနော်တို့လည်းလုပ်တာပဲ။ အပေါ်က ဝိတ်က တအားများတော့ ကရိန်းတွေနဲ့ အကုန်ဆွဲချတာ။ မနေ့က ၃း ၁၅ မှ ဆုံးသွားတာ။ ဆုံးသွားတော့ ကျနော်တို့လည်း ခဏ နားလိုက်ရတာ။”

လတ်တလောငလျင်ဒဏ်ကြောင့် စစ်ကိုင်းတောင်ရိုးရှိ စာသင်တိုက်အတော်များများ ထိခိုက်ပျက်စီးသွားတဲ့အတွက် ကျောင်းတိုက်နေ သီလရှင်ဆရာလေးတွေကို ပြန်လွှတ်နေရပြီး နေထိုင်ဖို့ အခက်အခဲတွေလည်းရှိနေပါတယ်။

စစ်ကိုင်းတောင်ရိုးပေါ်ရှိ စစ်ကိုင်း - ကျောက်တာ - ရေခါးလမ်းပေါ်က သီလရှင်စာသင်တိုက် ပြိုကျပြီးတဲ့နောက် စားဝတ်နေရေးအဆင်မပြေတော့ဘူးလို့ ဆရာမကြီး ဒေါ်သန္တစာရီက ပြောပါတယ်။

“ဆရာလေးတို့ ရွာကပဲလေ။ ဆရာလေးတို့က ဟုမ္မလင်းက။ ဟိုမှာ ကျောင်းမတက်လို့ ဒီမှာ လာနေကြတာ။ ၁၀နှစ်၊ ၁၂နှစ်၊ ၉၊ ၁၀ အကုန်ပါတယ်။ အခုက အကြီးလေးတွေကခေါ်ထားလို့၊ အငယ်တွေကပြန်ကြပြီ။ ဒါတောင်တချို့ ကျောင်းပိတ်လို့ ပြင်ဦးလွင်ကို သွားပို့ထားသေးတယ်။ တရားစခန်း။ အခုဆို နေစရာထိုင်စရာမရှိ၊ စားရေးသောက်ရေးကလည်းအဆင်မပြေတာနဲ့ အဲ့ဒီမှာ ထီးဆောင်းကလာခေါ်လို့ အဲ့ဒီကိုပို့ရတယ်။”

အားပြင်းငလျင်ကြောင့် စစ်ကိုင်းနဲ့ မင်းဝံတောင်ရိုးက ဘုန်းတော်ကြီးနဲ့ သီလရှင်ချောင်ပေါင်း ၂ ထောင်ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေးစင်တာက ထုတ်ပြန်ထားပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေး ရှိတဲ့ ငလျင်ကြောင့် ထိခိုက်သေဆုံးသူ စုစုပေါင်း ၃,၈၄၈ ယောက်အထိ ရှိနေပြီလို့ ဧပြီ ၂ ရက် နေ့လယ် ၁  နာရီအထိ  DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013