
အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲရဲ့ လုပ်ငန်းစဉ်တွေအားလုံး တိကျမှန်ကန်စေဖို့ အတွက် တာဝန်ရှိသူအားလုံးက ပူးပေါင်းပါဝင်ပေးဖို့ စစ်တပ်ဩဇာခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက တိုက်တွန်းလိုက်ပါတယ်။
နိုဝင်ဘာ ၁၃ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့တာပါ။
လာမယ့်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာမှာ ဥပဒေနဲ့အညီဖြစ်စေဖို့နဲ့ မဲစာရင်းဖောင်းပွမှုတွေ မဖြစ်စေဖို့၊ မဲစာရင်း ပြည့်စုံမှန်ကန်မှုရှိစေဖို့၊ မဲပေးစက်အသုံးပြုရာမှာ အဆင်ပြေချောမွေ့စေဖို့ ဦးသန်းစိုးက ပြောကြားခဲ့ပါတယ်။
မြေပြင်မဲစာရင်း အခြေအနေတွေကတော့ အတော်ဆိုးရွားနေပြီး မဲစာရင်းထဲမှာ သေဆုံးသူတွေ ပါဝင်နေတာ၊ နာမည်စာရင်း လွဲမှားနေတာ အစရှိတဲ့ လွဲမှားမှု အကြီးအကျယ် ရှိနေတယ်လို့ ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ အာဏာသိမ်းစစ်တပ် စတင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း လွတ်လပ်ပွင့်လင်းတဲ့ ရွေးကောက်ပွဲ မဟုတ်ကြောင်းနဲ့ အသိအမှတ် မပြုကြောင်း ထုတ်ဖော် ပြောဆိုနေကြပါတယ်။


