
ဖိလစ်ပိုင်နိုင်ငံမှာ ရေကြီးရေလျှံမှု အရှုပ်တော်ပုံအတွက် တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု ရရှိရေးအတွက် ဩဇာကြီးတဲ့ ဘာသာရေးအဖွဲ့တဖွဲ့ ဦးဆောင်ပြီး ပြည်သူ ရာပေါင်းများစွာဟာ နိုဝင်ဘာ ၁၆ ရက်က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
စီးပွားရေး ယုံကြည်မှုနဲ့ စီးပွားရေး တိုးတက်မှုကို ထိခိုက်စေတဲ့ အဂတိလိုက်စားမှုဆိုင်ရာ ပုံမှန်မဟုတ်မှုတွေအပေါ် ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတို့ကို တောင်းဆိုနေကြတာပါ။
သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက သြဂုတ်လမှာ ရေကြီးရေလျှံမှု ထိန်းချုပ်ရေး စီမံကိန်းတွေရဲ့ အတွင်းပိုင်း စာရင်းစစ်ရလဒ်တွေကို ထုတ်ပြောရင်း စိုးရိမ်စရာကောင်းတဲ့ မသမာမှုတွေကို ဖော်ထုတ်ခဲ့ပြီးနောက် လူထုရဲ့ဒေါသတွေ မြင့်တက်လာခဲ့တာပါ။
အဓိကတွေ့ရှိချက်တွေအရ ၂၀၂၂ ခုနှစ်ကစပြီး ရေကြီးရေလျှံမှု ထိန်းချုပ်ရေး အသုံးစရိတ် ပီဆို ၅၄၅ ဘီလီယံ (ဒေါ်လာ ၉.၆၃ ဘီလီယံ) ထဲက စီမံကိန်း ထောင်ပေါင်းများစွာဟာ စံချိန်စံညွှန်း မမီသလို မှတ်တမ်းမတင်ထားခဲ့တာ ဒါမှမဟုတ် မရှိခဲ့တာကို ပြခဲ့ပါတယ်။
နိုဝင်ဘာ ၁၆ ရက် မနီလာပင်လယ်အော်နားက ကွီရီနို အထူးတန်း ပွဲကြည့်စင်မှာ စုဝေးခဲ့ကြတဲ့ အဖြူရောင်ဝတ် ဆန္ဒပြသူတွေက “ပိုကောင်းတဲ့ ဒီမိုကရေစီအတွက် ပွင့်လင်းမြင်သာမှု၊ အမှန်တရားကို ထုတ်ဖော်ပါ၊ အပြစ်ရှိသူကို တာဝန်ခံခိုင်းပါ၊ နိုင်ငံရေးကို မလိုက်စားဘဲ တရားဥပဒေစိုးမိုးရေး လွှမ်းမိုးသင့်တယ်” စတဲ့စာတွေကို ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြပါတယ်။
ကျယ်ပြန့်လာတဲ့ အရှုပ်တော်ပုံကြောင့် စီမံကိန်းတွေကတဆင့် အများပြည်သူလုပ်ငန်းအရာရှိတွေ အဓိက ဆောက်လုပ်ရေး အမှုဆောင်တွေနဲ့ ဥပဒေပြုအမတ်တွေ ကိုယ်တိုင် ကြွယ်ဝချမ်းသာလာတယ်လို့လည်း စွပ်စွဲခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ခရစ်တော်ရဲ့ ဘုရားကျောင်းလို့ အဓိပ္ပာယ်ရပြီး အင်ဂလယ်စီယာနီ ခရစ္စတိုလို့ ခေါ်တဲ့ အသင်းက အဖွဲ့ဝင်တွေကို စည်းရုံးပြီး ဦးဆောင်ခဲ့ပါတယ်။
အုပ်စုလိုက် မဲပေးမှုအတွက် လူသိများတဲ့ ဒီအဖွဲ့ကို နိုင်ငံရေးသမားတွေက ဆွဲဆောင်လို့ သိသာထင်ရှားတဲ့ နိုင်ငံရေးဩဇာ ရှိနေပါတယ်။
အခုနှစ် အစောပိုင်းမှာ သမ္မတ မားကို့စ်ဟာ ရေကြီးရေလျှံမှုထိန်းချုပ်ရေး ဌာနတွေမှာ ပီဆို ဘီလီယံပေါင်းများစွာ အဂတိလိုက်စားမှု စွဲချက်ကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။
Source: Reuters


