
၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း မြန်မာစစ်ခေါင်းဆောင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြဖို့ စီစဉ်ခဲ့တဲ့ မြန်မာလုပ်သား ၂ ယောက် ဖမ်းဆီးခံရတာ ၇ လကျော်သွားပြီဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်မလွတ်သေးဘူးလို့ ကာကယံရှင်တွေဆီက သိရပါတယ်။
ဧပြီလ ၃ ရက်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက် BIMSTEC အစည်းအဝေး ခရီးစဉ်အတွင်း ဆန္ဒပြဖို့ စီစဉ်ခဲ့တဲ့ မြန်မာနိုင်ငံသား ကိုဖြိုးပိုင်နဲ့ ကိုနိုင်နိုင်စိုးတို့ဟာ ထိုင်းလူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း (IDC)မှာ ထိန်းသိမ်းခံထားရ တာ ၇ လကျော် ရှိသွားပါပြီ။
သူတို့ ၂ ယောက်ကို ဆန္ဒမပြခင် ရှန်ဂရီလာဟိုတယ်အနီး ထိုင်းအာဏာပိုင်တွေက လာရောက် စစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပြီး၊ သူတို့ကို နှစ်နိုင်ငံ ချစ်ကြည်ရေးပျက်ပြားစေမှု၊ ထိုင်းနိုင်ငံ တည့်တံ့ခိုင်မြဲရေးကို ထိပါးစေမှု၊ ထိုင်းနိုင်ငံ လူမှုအသိုက်အဝန်းကို မငြိမ်မသက် အန္တရာယ် ဖြစ်စေမှု၊ ထိုင်းနိုင်ငံသားတွေရဲ့ လုံခြုံရေးကို အန္တရာယ်ဖြစ်စေမှုအပါအဝင် အမှုပေါင်း ၇ မှုနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံထားရသူ ကိုနိုင်နိုင်စိုးက “ကျနော်တို့ အမှုအခြေအနေက အောက်တိုဘာ ၁၀ ရက်က အာမခံ ပယ်ချခံရတယ်။ အာမခံကို နောက်ထပ် ရက် ၉၀ အယူခံ ပြန်ဝင်နေတယ်။ ရ မရ စောင့်ကြည့်ရမှာပေါ့။ ကျနော်တို့ အချုပ်ခန်းမှာ ချုပ်ခံထားရတာ ၇ လကျော်ပြီ။ မိသားစုဝင်တွေနဲ့တော့ အဆက်အသွယ်ရပါတယ်။ ပြန်လွှတ်ဖို့လည်း တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကိုဖြိုးပိုင်နဲ့ ကိုနိုင်နိုင်စိုးတို့ နှစ်ယောက်ကို UNHCR (Thailand) က မြန်မာနိုင်ငံဆီ နေရပ်ပြန်မပို့အောင် အကာအကွယ်ပေးထားပြီး၊ ထိုင်းလူ့အခွင့်အရေး ရှေ့နေအဖွဲ့ကလည်း ကူညီပေးနေတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံထားရတာ ၇ လကျော်ပြီဖြစ်တာကြောင့် အမြန်ဆုံး လွတ်မြောက်ချင်တယ်လို့လည်း ကိုဖြိုးပိုင်က DVB ကို ပြောပါတယ်။
ကိုဖြိုးပိုင်က "ကျနော်ကတော့ နိုင်ငံတကာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေ ကျနော်တို့ကို အမြန်ဆုံး လွတ်မြောက်အောင် တောင်းဆိုပေးစေချင်တယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးသမားတွေ အားလုံး ကျနော်တို့ကို ထိုင်းသံရုံးဖြစ်စေ၊ UN ရုံးကို ဖြစ်စေ ကျနော်တို့ အမြန်ဆုံး လွတ်မြောက်အောင် တောင်းဆိုပေးစေချင်တယ်” လို့ ပြောပါတယ်။
ကိုဖြိုးပိုင်နဲ့ ကိုနိုင်နိုင်စိုးတို့ကို ထိုင်းနိုင်ငံက အမည်ပျက်စာရင်း (Blacklist) သွင်းထားပြီး၊ သူတို့နှစ်ယောက်ကို UN က နေရပ်ပြန်မပို့ဖို့ အကာအကွယ်နဲ့ ထိုင်းလူ့အခွင့်အရေး ရှေ့နေတွေက ကူညီပေးနေပါတယ်။
ထိုင်းနိုင်ငံမှာ ဧပြီ ၄ ရက်ကလည်း စစ်ခေါင်းဆောင်ကို ဆန္ဒပြခဲ့တဲ့ ထိုင်းကျောင်းသားတယောက် ဖမ်းဆီးခံခဲ့ရပြီး သူ့ကိုတော့ အဲဒီ ညတွင်းချင်းပဲ ပြန်လွှတ်ပေးခဲ့ကာ မြန်မာနိုင်ငံသား ၂ ယောက်ကတော့ လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။
ဇွဲသစ်


