
အငြင်းပွားနယ်စပ်အရေးနဲ့ ပတ်သက်ပြီး အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံနဲ့ လက်မှတ်ရေးထိုးထားတဲ့ “ငြိမ်းချမ်းရေးသဘောတူညီချက်” အကောင်အထည်ဖော်မှုကို ယာယီရပ်ဆိုင်းထားတယ်လို့ ထိုင်းနိုင်ငံက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ ဆီစကစ်ခရိုင် ကမ္ဘောဒီးယားနယ်စပ်အနီးမှာ မြေမြှုပ်မိုင်း ပေါက်ကွဲပြီး ထိုင်းစစ်သည်တွေ ဒဏ်ရာရခဲ့ပြီးနောက်မှာ ထိုင်းဘက်က အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်ကို မလေးရှားနိုင်ငံမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကြီးကြပ်မှုနဲ့ လွန်ခဲ့တဲ့ အောက်တိုဘာလတုန်းကပဲ နှစ်ဖက်ဝန်ကြီးချုပ်တွေ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အခုဆိုရင် အချိန် ၂ ပတ်ပဲ ရှိပါသေးတယ်။
ဇူလိုင်လတုန်းက လူ ၄၀ ကျော် သေဆုံးခဲ့ရတဲ့ နယ်စပ်တိုက်ပွဲတွေအပြီးမှာ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးရဖို့ ရည်ရွယ်ခဲ့တဲ့ ဒီသဘောတူညီချက်ကို ဆက်လက်ကိုင်စွဲထားဆဲ ဖြစ်တယ်လို့ ကမ္ဘောဒီးယားဘက်က တုံ့ပြန်ထားပါတယ်။
ဒါပေမဲ့ ထိုင်းဘက်ကတော့ ဒီသဘောတူညီချက်ကို “ငြိမ်းချမ်းရေးသဘောတူညီချက်” လို့ ခေါ်ဆိုဖို့ ငြင်းဆန်ထားပြီး “ကွာလာလမ်ပူ အစည်းအဝေးရလဒ်များဆိုင်ရာ ပူးတွဲကြေညာချက်” လို့သာ သုံးနှုန်းခဲ့ပါတယ်။
လုံခြုံရေးခြိမ်းခြောက်မှု အမှန်တကယ် မလျော့ကျသွားတာကြောင့် ဒီဆုံးဖြတ်ချက်ကို ကာကွယ်ရေးဆိုင်ရာ အကြီးအကဲတွေက ချမှတ်ခဲ့တာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်ကို သဘောတူတယ်လို့ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက နိုဝင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
ဘန်ကောက်ပို့စ် သတင်းစာရဲ့ ဖော်ပြချက်အရ စစ်သားတွေဟာ ကင်းလှည့်ချိန်မှာ မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့တာဖြစ်ကာ တယောက်က ခြေတဖက် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီသဘောတူညီချက်အရ အငြင်းပွားဒေသကနေ လက်နက်ကြီးတွေ ရုပ်သိမ်းဖို့နဲ့ ယာယီလေ့လာရေး အဖွဲ့တခု ဖွဲ့စည်းဖို့ နှစ်ဖက် သဘောတူခဲ့ကြတာပါ။
နောက်တဆင့်အနေနဲ့ ထိုင်းနိုင်ငံမှာ ထိန်းသိမ်းထားတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို ပြန်လွှတ်ပေးဖို့လည်း မူလက စီစဉ်ထားတာ ဖြစ်ပါတယ်။
Source: Reuters


