
ထိုင်းနိုင်ငံမှာ အထောက်အထား မစုံသေးတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တနှစ် နေထိုင် အလုပ်လုပ်ခွင့်ပေးဖို့နဲ့ သက်တမ်းတိုး အလုပ်သမားတွေကို အလုပ်လုပ်ခွင့် work permit တနှစ် ထပ်ပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပြောပါတယ်။
ထိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်က အထောက်အထားမဲ့ အလုပ်သမားတွေအတွက် နှစ်စဉ် ပြုလုပ်ပေးနေကျ ပန်းရောင်ကတ် (ဘတ်) အထောက်အထားသစ် ပြုလုပ်ပေးတာကို ရုတ်တရက် ယာယီရပ်ဆိုင်းခဲ့ပြီးနောက် အထောက်အထား အပြည့်အစုံ မရသေးတဲ့ ရွှေ့ပြောင်းလုပ်သားတွေ အခက်အခဲ ဖြစ်ကုန်ပါတယ်။
အထောက်အထား မစုံသေးတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို တနှစ် နေထိုင်အလုပ်လုပ်ခွင့်ပေးဖို့နဲ့ သက်တမ်းတိုး အလုပ်သမားတွေကို work permit သက်တမ်း တနှစ် ထပ်တိုးပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာလ ၇ ရက်မှာ အတည်ပြုပြောပါတယ်။
လက်ရှိ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ် စတဲ့ နိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ထိုင်းအစိုးရရဲ့ တရားဝင် ကြေညာချက်မထွက်ခင် နိုင်ငံတွင်း ရောက်နှင့် နေပြီးသား အထောက်အထား မပြည့်စုံတဲ့ အလုပ်သမားတွေကို အထောက်အထားလုပ်ဖို့ အချိန်ပေးလိုက်တဲ့ သဘောလို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက မှတ်ချက် ပေးပါတယ်။
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “ဘတ်စာရင်းဖွင့်ဖို့အတွက် ရှေ့ပြေး စကားဦးသမ်းတာ။ အဓိကကတော့ အခု လူဟောင်းတွေအတွက် work permit တနှစ်အချိန်ပေးတယ်။ အခွင့်အရေးတွေ ပေးတယ်ဆိုတာက ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အား တန်ဖိုးကို ချစ်မြတ်နိုးတာက တပိုင်း၊ အခု စကားဦးသမ်းလိုက်တာက မကြာခင်မှာ အထောက်အထားသစ် ထုတ်ပေးမယ်။ အဲဒီ အထောက်အထားသစ်က ထိုင်းနိုင်ငံရဲ့ ဧရိယာပြင်ပ နယ်နိမိတ်မှာ ရှိသူတွေနဲ့ လုံးဝ လုံးဝ မသက်ဆိုင်၊ ထိုင်းနိုင်ငံတွင်းမှာ ရောက်နှင့်နေပြီးသား၊ ထိုင်းနိုင်ငံရဲ့ လုပ်ငန်းခွင်မှာ ဝင်ရောက်နှင့်ပြီးသားသူတွေနဲ့သာ သက်ဆိုင်တယ်လို့ တခါတည်း ထုတ်ပြန်လိုက်တဲ့ သဘောပါပဲ”လို့ ပြောပါတယ်။
ဒါ့အပြင် လာမယ့် ၂၀၂၆ ဖေဖော်ဝါရီမှာ သက်တမ်းကုန်မယ့် အလုပ်သမားတွေအတွက်လည်း Work Permit သက်တမ်း ၁ နှစ် ထပ်တိုးပေးမှာ ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက ထုတ်ပြန် ပြောဆိုပါတယ်။
၂၀၂၅ ဖေဖော်ဝါရီမှာကတည်းက သက်တမ်းကုန်ဆုံးထားတဲ့ အလုပ်သမားတွေအနေနဲ့ Work permit နဲ့ ဗီဇာ သက်တမ်းတိုးကိစ္စတွေကို လက်ရှိအချိန်ထိ အချိန် ၉ လနီးပါးကြာ စောင့်ဆိုင်းနေရပြီး၊ Name list တခုတည်းနဲ့ သွားလာ လုပ်ကိုင်နေရတာကြောင့် အခက်အခဲ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။
ထိုင်းရောက် မြန်မာလုပ်သား ကိုစိုးမိုးက “ကျနော်တို့ သက်တမ်းတိုးသမားတွေကတော့ ၂ နှစ်လို့ ပြောပြီး တိုးတာတော့ ဘတ် ၁၄၀၀၀ နဲ့ ၁၅၀၀၀ ကြားမှာ ရှိတယ်။ ကြန့်ကြာတာတော့ တော်တော်လေး ကြန့်ကြာတယ်။ တရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ် လနဲ့ချီပြီး ကြန့်ကြာတာဆိုတော့ အခက်အခဲတွေ ရှိလားဆိုရင် ရှိတယ်။ ကိုယ့်မှာက နာမည်စာရင်း တခုပဲ ကိုင်ထားရတာဆိုတော့ ကျနော်တို့ကတော့ ဘယ်လိုပဲ တရားဝင်ပါတယ် ပြောပြော၊ Work permit လည်း မရှိဘူး။ နေထိုင်ခွင့်ဗီဇာလည်း မရှိဘူး။ အဓိက Name list နဲ့ပဲ နေတာ ဖြစ်တဲ့အတွက် ရက် ၉၀ ဘာညာ လုပ်တဲ့အခါလည်း အခက်အခဲတော့ ဖြစ်တယ်”လို့ ပြောပါတယ်။
ထိုင်းအစိုးရအနေနဲ့ ဒီလုပ်ငန်းစဉ်တွေကို အလုပ်အကိုင်ရှာဖွေဦးစီးဌာနက ပြန်လည်စိစစ်ကာ၊ အစိုးရအဖွဲ့က တရားဝင်အတည်ပြုပြီးမှသာ သက်ဆိုင်ရာဌာနတွေက ကြေညာချက် ထွက်လာပြီးနောက် တရားဝင် လုပ်ငန်းစဉ်တွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ နှစ်နိုင်ငံ သဘောတူစာချုပ် MoU စနစ်နဲ့ လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ၊ ၁၀ နှစ်ခံကတ်၊ နယ်စပ်ဖြတ်ကျော်ကတ်၊ ပန်းရောင်ကတ် စတဲ့ အထောက်အထားပုံစံ အမျိုးမျိုးနဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ ရွှေ့ပြောင်းလုပ်သားတွေ သန်းချီ ရှိနေပါတယ်။
ဇွဲသစ်


