
အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ကာလ်မေဂီဟာ ထိုင်းနိုင်ငံဆီ အခုလာမယ့် နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့မှာ ဝင်ရောက်နိုင်တဲ့အကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အဆိုပါ မုန်တိုင်းဟာ ဒီကနေ့ နိုဝင်ဘာ ၆ ရက် အစောပိုင်းမှာ တောင်တရုတ်ပင်လယ်ကို ဖြတ်ကျော်ပြီး နောက်တနေ့မှာ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကို ရောက်ရှိမှာဖြစ်ကာ အဲဒီနောက် အားပျော့ပြီး တနေ့တည်းမှာပဲ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဆီ ရောက်ရှိလာမယ်လို့ ဆိုပါတယ်။
ထိုင်းမိုးလေဝသဌာန အထွေထွေညွှန်ကြားရေးမှူးချုပ် ဆူဂွန်ယာနီ ယာဗင်ချန်က မုန်တိုင်းဟာ ဒီကနေ့မနက် ၄ နာရီမှာ ဗီယက်နမ်အလယ်ပိုင်းကမ်းရိုးတန်းမြို့ဖြစ်တဲ့ ကွေနွန်မြို့ရဲ့ အရှေ့တောင်ဘက် ၅၁၀ ကီလိုမီတာလောက်အကွာ တောင်တရုတ်ပင်လယ်တွင်းမှာ တည်ရှိနေတယ်လို့ ပြောပါတယ်။
တိုင်ဖွန်းမုန်တိုင်း ကာလ်မေဂီကြောင်း ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ ၁၄၀ သေဆုံးကာ နောက်ထပ် ၁၂၇ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မစ္စ ဆူဂွန်ယာနီက မုန်တိုင်းဟာ သူ့ရဲ့ ဗဟိုချက်အနီး တနာရီကို ၁၅၀ ကီလိုမီတာလောက် လေတိုက်နှုန်းရှိတယ်လို့ ပြောပါတယ်။
ဒါပေမဲ့လည်း အဆိုပါ မုန်တိုင်းဟာ လာအိုနိုင်ငံကို ဖြတ်ကျော်သွားပြီးရင်တော့ အပူပိုင်းမုန်တိုင်းနဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားမယ်လို့ ဆိုပါတယ်။
အခုလာမယ့် သောကြာနေ့မှာတော့ မုန်တိုင်းဟာ ထိုင်းနိုင်ငံ ဥဘွန်ရက်ချာဌာနီကို ရောက်ရှိမှာဖြစ်ပြီး လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာမှာဖြစ်ကာ မုန်တိုင်းအရှိန်ကြောင့် သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ ထိုင်းအရှေ့မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ မြို့တော် ဘန်ကောက် အပါအဝင် အလယ်ပိုင်းလွင်ပြင်ဒေသတွေမှာ မိုးပိုမိုရွာသွန်းမှာဖြစ်ပြီး မိုးသည်းထန်စွာကနေ အလွန်သည်းထန်စွာ ရွာသွန်းနိုင်မယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ ဒီကာလတွေအတွင်း အဆိုပါဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနိုင်တာမို့ ရေယာဉ်တွေအနေနဲ့ အန်ဒမန်ပင်လယ်ထဲ ထွက်ခွာမယ့်အစား လှေငယ်တွေကို ကမ်းပေါ်မှာသာ ထားရှိဖို့လည်း အကြံပြုထားပါတယ်။
Source: Bangkok Post


