Home
မြန်မာသတင်း
တိုင်ဖွန်းမုန်တိုင်းကြောင့် တိုင်းနှင့် ပြည်နယ် ၆ ခုတွင် မိုးသည်းမည်
DVB
·
November 4, 2025

လေဖိအားနည်းရပ်ဝန်းနဲ့ တိုင်ဖွန်းမုန်တိုင်း KALMAEGI အကြွင်းအကျန်တွေကြောင့် နိုဝင်ဘာ ၄ ရက်မှာ မြန်မာနိုင်ငံရှိ တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်း ပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသအနီးမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိနေတဲ့အတွက် နေရာအနှံ့ မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးဇလက ဒီကနေ့ နိုဝင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း၊ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ် ကမ်းလွန်ဒေသတွေကို ရောက်ရှိနေတယ်လို့  မိုးဇလက ခန့်မှန်းပါတယ်။

လေဖိအားနည်းရပ်ဝန်းအရှိန်နဲ့ တိုင်ဖွန်းမုန်တိုင်း KALMAEGI အကြွင်းအကျန်တွေကြောင့် ဒီကနေ့ နိုဝင်ဘာ ၄ ရက်မှာ တိုင်းနဲ့ ပြည်နယ် ၆ ခုမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

“၄ ရက်နေ့အတွက်ဆိုရင် လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ်လည်း မိုးများနိုင်တယ်။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းပေါ့၊ ၄ ရက်နေ့ တရက်အတွင်း ၂၄ နာရီအတွင်းမှာ မိုးရေချိန်လက်မ ၃ လက်မကနေ ၄ လက်မလောက်အထိ မိုးရေချိန်ရနိုင်တယ်။ ပြီးတော့ ဒုတိယအများဆုံးက ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းရယ်၊ ဒီမှာကတော့ ၂၄ နာရီအတွင်း ၂ လက်မအထက်ကနေ ၃ လက်မလောက် မိုးများနိုင်တယ်။ ဆိုတော့ မိုးသည်းတာကတော့ နေ့အပူချိန်ကျသွားတဲ့ မွန်းလွဲ ညနေပိုင်း၊ ညပိုင်းတွေမှာ မိုးများတတ်တယ်၊ မိုးသည်းထန်တတ်တယ်။”

မိုးဇလရဲ့ ထုတ်ပြန်ချက်တွေအရ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ နေရာကျဲကျဲ၊ မကွေးတိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွေမှာ နေရာစိပ်စိပ်နဲ့ ကျန် တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း အောက်ပိုင်း၊ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းနေပြီး မိုးတိမ်တောင် ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတို့ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ရန်ကုန်မြို့ရှိ တာမွေ၊ မရမ်းကုန်း၊ သာကေတ၊ မြောက်ဒဂုံ၊ လှိုင်သာယာ စတဲ့ မြို့နယ်တွေ အပါအဝင် နေရာတချို့မှာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် လမ်းမကြီးတွေမှာ ရေဝပ်နေပြီး ယာဉ်ကြောပိတ်ဆို့တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ခံတယောက်က “မိုးကတော့ တောက်လျှောက်ရွာနေတုန်းပဲ။ ရေကတော့ မနေ့က ညနေပိုင်းလောက်ကို ရပ်သွားတဲ့အခါကျတော့ ရေက နည်းနည်းလေး ဆင်းသွားတယ် ပြောရမှာပေါ့။ ချောင်းရေမတက်တာလည်း ပါတာပေါ့။ ဒါပေမဲ့ မြောင်းတွေဘာတွေက ပိတ်ဆို့တာများတော့ မဆင်းနိုင်တော့ ကြာနေတာ၊ မနေ့က တော်တော်များများ နစ်ပါတယ်။ မြို့ထဲဆို အစ်ကိုတို့ ကားမောင်းနေတော့ တော်တော့်ကို ရှောင်ရတယ်။ ပြောချင်တာက မြို့တော်စည်ပင်တို့ဆို သိပ်မလုပ်နိုင်တော့ဘူး။ မြောင်းရှင်းတာ အရင်လို သန့်ရှင်းရေးလုပ်တာ‌တို့ ဆိုတာ လုံးဝမရှိသလောက်ပဲ။ အဲဒီအတွက် မြောင်းက တောက်လျှောက် ပိတ်နေဦးမှာပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်မယ်လို့ ဆိုထားပါတယ်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေဟာ တနာရီကို ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး  လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ၈ ပေကနေ ၁၀ ပေလောက် ရှိနိုင်တယ်လို့ ဆိုထားပါတယ်။

တဖက်မှာလည်း တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်ကြောင့်  ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ နိုဝင်ဘာ ၇ ရက်နေ့ တရက် မိုးလေကင်းစင်နိုင်ပြီး နိုဝင်ဘာ ၈ ရက်နေ့မှာ တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန် ဝင်ရောက်ပြီး မိုးပြန်ရွာနိုင်မယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013