
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေပြီး အဲဒီအရှိန်ကြောင့် နိုဝင်ဘာ ၂ ရက်ကနေ ၆ ရက်အတွင်း တနိုင်ငံလုံးမှာ မိုးကြီးနိုင်သလို မိုးကြိုးပစ်၊ မိုးသီးကြွေ၊ လျှပ်တပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးပါတယ်။
မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက် လေပြင်းတွေကျရောက်ပြီး လှိုင်းကြီးမှာဖြစ်သလို မိုးသက်လေပြင်းကျတုန်းမှာ ရေပြင်/မြေပြင် လေဟာ တနာရီကို ၃၅ မိုင်ကနေ မိုင် ၄၀ အထိ၊ လှိုင်းအမြင့်ကတော့ ၉ ပေကနေ ၁၁ ပေလောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိုးသည်းသည်းထန်ထန်ရွာတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ် လျှပ်စီးလက်တာ၊ မိုးသီးကြွေတာ၊ လျှပ်တပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသနားမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေနားမှာ နေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံတာကို ကြိုတင်သတိပြုရှောင်ရှားဖို့ သတိပေးနှိုးဆော်ထားပါတယ်။
နိုဝင်ဘာ ၁ ရက် မနက်ပိုင်းက ရန်ကုန်၊ သန်လျင်နဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်တို့မှာ လေပြင်းတိုက်ခတ်လို့ အိမ်တချို့နဲ့ သစ်ပင်တွေ ပြိုလဲပျက်စီးခဲ့ပါတယ်။




